Live
Home
မြန်မာသတင်း
သစ်မှောင်ခိုဂိုဏ်းအရေးယူရန် နှစ်နိုင်ငံစတင်ဆွေးနွေး
ရွှေအောင်
·
January 14, 2015
489x299x9800_709348182515656_6245728840692043943_n.jpg.pagespeed.ic.Ud-_UIez7uဒီလဆန်းပိုင်းက ကချင်ပြည်နယ်မှာ အလုံးအရင်းနဲ့ ဖမ်းဆီးရမိတဲ့ သစ်မှောင်ခိုဂိုဏ်းကို အရေးယူဖို့ ကိစ္စအပါအ၀င် သစ်ခိုးထုတ်မှုတွေရပ်တန့်ဖို့ တရုတ်-မြန်မာ နှစ်နိုင်ငံက တာဝန် ရှိသူတွေ နေပြည်တော်မှာ ဒီကနေ့ စတင်ဆွေးနွေးကြပါတယ်။ Grand Amara ဟိုတယ်မှာကျင်းပတဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံကြား သစ်ကုန်သွယ်မှု ဆိုင်ရာမူဝါဒ ဆွေးနွေးနှီးနှောဖလှယ်ပွဲမှာ တရုတ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ မြန်မာ သစ်တော ဌာနတာဝန်ရှိသူတွေ ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒီလဆန်းပိုင်းက တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးမှာ တရုတ်နိုင်ငံ သား (၁၃၀) ကျော်ကျာ်၊ မြန်မာ ၁၉ ယောက်တို့ကို သစ်လုံးပေါင်း ၁၆၀၀ ကျော်နဲ့ ဧရာမ ဖမ်းဆီးရမှုအပြီး ရက်ပိုင်းအကြာမှာ ဆွေးနွေးပွဲဖြစ်ပါတယ်။ သစ်တောရေးရာဝန်ကြီးဌာနဒုဝန်ကြီး ဦးအေးမြင့်မောင်က မြန်မာ့သစ်တော့သယံဇာတွေ တရားမ၀င်ကုန်သွယ်မှုကို တားဆီးရေးအတွက် ညှိနှိုင်းအဖြေရှာတာလို့ ဆွေးနွေးပွဲအဖွင့်မှာ ပြောပါတယ်။ “လွန်ခဲ့တဲ့ နှစ် ၂၀ကျော်လောက်ကစပြီး အဆိုပါ သစ်တောသယံဇာတကုန်ကြမ်းတွေကို တရားမ၀င်ကုန်သွယ်မှုတွေဟာ ကြီးမားလာပြီး နယ်စပ်တလျှောက်မှာသာမကဘဲနဲ့ ဧရာဝတီမြစ်အနောက်ဘက်ကနေ ပြည်တွင်း အတွင်းပိုင်းဒေသတွေအထိ စိမ့်ဝင်ပျံ့နှံ့လာခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ်နိုင်ငံအစိုးရများအကြားမှာ တရားမ၀င် ကုန်စည်ကူးသန်းရောင်းဝယ်မှုများကို တားဆီးကာကွယ်ဖို့နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ချက်များ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီလိုအပ်ချက်တွေကို ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။” ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး(စစ်ဆေးရေး) ဦးပြည့်စုံမျိုးက ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ၁၃၀ကျော်ကို သစ်တောဥပဒေအရ အရေးယူ သွားမှာ ဖြစ်တယ်လို့ မီဒီယာကို ပြောပါတယ်။ အရင်တုန်းက အလားတူသစ်မှုနဲ့ တရုတ်နိုင်ငံသားတွေဖမ်းဆီးမိတဲ့အခါ သစ်တောဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး လ၀က ဥပဒေတို့နဲ့ အရေးယူခဲ့ဖူးသလို တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့တာမျိုးလဲ ရှိတယ်လို့ ညွှန်မှူးကပြောပါတယ်။ တရုတ်မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိတဲ့ သစ်တင်ကားတွေဟာ ကချင်လွတ်လပ်ရေးအဖွဲ့က ခွင့်ပြုချက်နဲ့ ထုတ်လုပ်နေတာဖြစ်တယ်လို့ အစိုးရကပြောပါတယ်။ တရုတ်နိုင်ငံသားတွေ မြန်မာပြည်ထဲဝင်ပြီး သစ်ခိုးထုတ်နေတာဟာ နှစ်တိုင်းလိုဖြစ်ပြီး နယ်မြေအေးချမ်းမှု မရှိတဲ့အတွက် တားဆီးဟန့်တားနိုင်ခြင်းမရှိဘဲ ဒီနှစ်မှာတော့ တပ်မတော်ကင်းထောက်လေယာဉ်တွေရဲ့ တွေ့ရှိမှုအပေါ် စစ်တပ်၊ ရဲနဲ့ သစ်တောတို့ပေါင်းပြီး အခုလို အမြောက်အမြား ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်အပေါ် အခြေပြုပြီး တရုတ်နယ်စပ်မှာသာမက ထိုင်းနယ်စပ် တွေမှာမှာ သစ်ထုတ်လုပ်ရောင်းချမှုတွေကို အစိုးရဘက်ကရော လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကပါ လုပ်ဆောင်နေတာပါ။ တချိန်က အဖိုးတန်သစ်တောထူထပ်တဲ့ မြန်မာနိုင်ငံမှာ အဖိုးတန်သစ် ရှားပါးမှုကို ကြုံတွေ့နေရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024