လွန်ခဲ့တဲ့သီတင်းပတ်မှာ တိုက်ခိုက်ခံရတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က မဂ္ဂဇင်းတိုက်ရဲ့ ပြန်လည်ထုတ်ဝေဖြန့်ချိမယ့် သရော်မဂ္ဂဇင်းမျက်နှာဖုံးကို ဇန်န၀ါရီလ ၁၂ ရက်နေ့က ပုံနှိပ်ပါတယ်။

မဂ္ဂဇင်းမျက်နှာဖုံးမှာ တမန်တော်မိုဟာမက်ရဲ့ ရုပ်ပြောင်ကို ရေးဆွဲပြီး “ကျနော်လည်း ရှာလီ ဖြစ်တယ်”ဆိုတဲ့ စာတန်းကို လက်မှာ ကိုင်ဆောင်ထားပါတယ်။ အထက်ပိုင်းမှာတော့ “အားလုံးကို ခွင့်လွှတ်ပါတယ်” ဆိုတဲ့ စာတန်းကို ဖော်ပြပါတယ်။
မဂ္ဂဇင်းထုတ်ဝေသူတွေအနေနဲ့ အကြမ်းဖက်သမားတွေကို ဘာအကြောင်းနဲ့မှ အလျှော့ပေးစရာ မရှိဘူးဆိုတာ ပြသဖို့ အရေးကြီးတယ်လို့ မဂ္ဂဇင်းတိုက်ရဲ့ ရှေ့နေကပြောပါ တယ်။
မဂ္ဂဇင်းတိုက်ရဲ့ အကျော်ကြားဆုံး ကာတွန်းဆရာ ၅ ဦးနဲ့ ရဲအပါအ၀င် လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်ပစ်ခတ်မှုဖြစ်စဉ်အပြီး တိုက်ခိုက်သူတွေက တမန်တော်မိုဟာမက် အတွက် လက်စားချေပြီးပြီလို့ အော်ဟစ်ကြုံးဝါးခဲ့ကြပါတယ်။
ပါရီမြို့တော်နဲ့ ပတ်ဝန်းကျင်မှာ တိုက်ခိုက်မှုတွေအတွင်း လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။ မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရအပြီးမှာ “ကျနော်တို့လည်း ရှာလီပါပဲ”ဆိုတဲ့ ကြွေးကြော်သံ ကမ္ဘာတ၀န်း ပျံ့နှံ့ခဲ့ပြီး မဂ္ဂဇင်းတိုက်ကို အားပေးထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။
ဇန်န၀ါရီလ ၁၂ ရက်နေ့ကလည်း ဒီတိုက်ခိုက်မှုအပေါ် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ လူသန်းပေါင်းများစွာ ပြင်သစ်နိုင်ငံလမ်းတွေပေါ်ထွက်ပြီး ချီတက်ကန့်ကွက်ခဲ့ကြပါတယ်။
ပုံမှန်အားဖြင့် သီတင်း ၁ ပတ်ကို ပုံမှန် အစောင်ရေ ၆ သောင်းထုတ်တဲ့ အဲဒီမဂ္ဂဇင်းဟာ တိုက်ခိုက်ခံရတဲ့နေ့က စောင်ရေ ၃ သန်း ပုံနှိပ်ထုတ်ဝေနိုင်ခဲ့တယ်လို့ဆိုပါတယ်။
၂၀၁၁ ခုနှစ်ကလည်း တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းပုံကို ရေးဆွဲဖော်ပြခဲ့လို့ မဂ္ဂဇင်းတိုက်ဟာ မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။