ဟောင်ကောင်မီဒီယာသူဌေးကြီးနေအိမ် မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခံရ

904
တရုတ်ပြည်မ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်သူအဖြစ် ထင်ရှားတဲ့ ဟောင်ကောင် မီဒီယာသူဌေးကြီး ဂျင်မီလိုင်းရဲ့ နေအိမ်ကို ဇန်န၀ါရီ ၁၂ ရက်နေ့ မနက်အစောပိုင်းက မျက်နှာဖုံးဝတ်ထားသူတဦးက မီးလောင်ဗုံးပစ်သွင်းခဲ့ပါတယ်။
[caption id="attachment_76955" align="alignright" width="433"]
ဟောင်ကောင် မီဒီယာသူဌေးကြီး ဂျင်မီလိုင်း (ဓာတ်ပုံ - ရိုက်တာ)[/caption]
အိမ်ဝင်းတံခါးကို မီးလောင်ဗုံး ပစ်သွင်းခဲ့ပြီး ကားနဲ့ ထွက်ပြေးသွားခဲ့တဲ့ ဖြစ်ရပ်အပြီး မိနစ် ၂၀ ခန့်အကြာမှာ ဂျင်မီလိုင်းရဲ့ Next Media ကုမ္ပဏီရုံး ဂိတ်တံခါးကိုလည်း မီးဗုံးပစ်သွင်းမှုတွေ ဆက်ဖြစ်ခဲ့ပါတယ်။
နာရီပိုင်းအကြာမှာ ဟောင်ကောင်ရဲတပ်ဖွဲ့က တိုက်ခိုက်သူတွေ အသုံးပြုခဲ့တယ်လို့ ယုံကြည်ရတဲ့ ကား ၂ စီး မီးရှို့ဖျက်ဆီးခံထားရတာကို တွေ့ရှိခဲ့ကြပါတယ်။
ဟောင်ကောင် ဒီမိုကရေစီ လူထုဆန္ဒပြပွဲတွေကို ထောက်ခံအားပေးတဲ့ဂျင်မီလိုင်းဟာ Next မီဒီယာကုမ္ပဏီရဲ့ ဥက္ကဋ္ဌအဖြစ်ကနေ ဒီဇင်ဘာလက နုတ်ထွက်ထားပေမယ့် ရှယ်ယာ အများစုကို ပိုင်ဆိုင်ဆဲ ဖြစ်ပါတယ်။
သူဟာ ဟောင်ကောင်လူထုဆန္ဒပြပွဲတွေကို ဖြိုခွင်းချိန်တုန်းက ရဲတပ်ဖွဲ့ရဲ့ အမိန့်ကို မနာခံလို့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါသေးတယ်။
၂၀၁၃ ခုနှစ်ကလည်း မျက်နှာဖုံးဝတ်လူတစုက Next Media က ထုတ်ဝေတဲ့ the Apple Daily နေ့စဉ်သတင်းစာတွေ သောင်းနဲ့ချီပြီး မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။