ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု စီရော်နယ်ဒိုရရှိ

1.8K
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံးဘောလုံသမားဆုကို ပေါ်တူဂီနဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုက ရရှိသွားပါတယ်။
စီရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၂၀၀၈ ခုနှစ်ကတကြိမ်၊ ၂၀၁၃ ခုနှစ်မှာ တကြိမ်နဲ့ ၂၀၁၄ မှာတကြိမ် စုစုပေါင်း ၃ ကြိမ် ရရှိခဲ့ပြီး ဖြစ်ပါတယ်။
ဖီဖာရဲ့ ၂၀၁၄ ကမ္ဘာ့အကောင်းဆုံး ဆန်ကာတင် စာရင်းမှာတော့ စီရော်နယ်ဒိုနဲ့အတူ အာဂျင်တီးနားနဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ ဘိုင်းယန်မြူးနစ်ဂိုးသမား နူအာတို့ ဖြစ်ပါတယ်။
အမျိုးသမီးအကောင်းဆုံး ဘောလုံးသမားဆုကိုတော့ ဂျာမနီနဲ့ ၀ုဖ်ဘက်ကစားသမား နာဒင်း ကက်စ်လာ (Nadine Kessler) က ရရှိသွားပါတယ်။
၂၀၁၄ ခုနှစ်အတွက် တနှစ်တာ အကောင်းဆုံး ဂိုးဆုကိုတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေးကိုသွင်းခဲ့တဲ့ ဂိုးနဲ့ ကိုလံဘီယာ တိုက်စစ်မှူး ဂျိမ်းစ် ရိုဒရီဂွတ်က ရရှိသွားပါတယ်။ ဒုတိယဆုကိုတော့ အိုင်ယာလန်ကအမျိုးသမီး စတက်ဖနီရော့ခ်က ရရှိပြီး တတိယဆုကိုတော့ မန်ယူနဲ့ နယ်သာလန် ရှေ့တန်းတိုက်စစ်မှူး ဗန်ပါစီက ကမ္ဘာ့ဖလားမှာ စပိန်အသင်းဘက်ကို ခေါင်းတိုက်သွားတဲ့ ဂိုးနဲ့ ရရှိသွားပါတယ်။
အကောင်းဆုံး နည်းပြဆုကိုတော့ ကမ္ဘာ့ဖလားရ ဂျာမန်အသင်းနည်းပြ ဂျို့ချင်းမ်လို (Joachim Low’s) က ရရှိသွားပါတယ်။ အကောင်းဆုံးအမျိုးသမီး အသင်း နည်းပြဆုကို ၀ုဒ်စ် ဘတ် အသင်းနည်းပြ ရဲဖ် ကာလာမန် က ရရှိသွားပါတယ်။
ဖီဖာရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၁၁ ယောက် ကတော့--
ဂိုး -- မင်နျူရယ်နူအာ ( ဂျာမဏီ)၊
နောက်တန်း -- ဖိလစ်လမ်း (ဂျာမနီ)၊ သီယာဂို ဆင်လ်ဗာ (ဘရာဇီးလ်)၊ ဒေးဗစ် လူးဝစ် (ဘရာဇီးလ်)၊ ဆာဂျီယို ရာမို့စ် (စပိန် )၊
အလယ်တန်း -- အင်နီယက်စတာ (စပိန်)၊ တိုနီ ကရူးစ် (ဂျာမနီ )၊ ဒီမာရီယာ (အာဂျင်တီးနား)
ရှေ့တန်း -- ခရစ္စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ)၊ မက်ဆီ (အာဂျင်တီးနား)၊ အာဂျန်ရော်ဘင် (နယ်သာလန်) တို့ ဖြစ်ပါတယ်။
ဒီဗွီဘီ Vote မှာ မြန်မာပရိသတ်တွေရဲ့ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုရွေးချယ်မှုမှာလည်း ရော်နယ်ဒိုက ရရှိသွားပါတယ်။
[gallery ids="76911,76912,76913,76914"]