
အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေးကို တိုးမြှင့်သွားမယ်လို့ ဇန်န၀ါရီ ၁၂ ရက် ဒီနေ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုညီလာခံမှာ ပြောဆိုပါတယ်။
သူရဲ့ ခရီးစဉ်ဟာ လာမယ့်လ အမေရိကန်သမ္မတ အိုဘားမားရဲ့ အိန္ဒိယခရီးစဉ် မတိုင်ခင် အကြိုခရီးစဉ်လည်း ဖြစ်ပါတယ်။
လက်ရှိနှစ်နိုင်ငံရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ရှိနေပါတယ်။
နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်မှုဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုမှာ ဖြစ်သလို ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကိုလည်း နှစ်နိုင်ငံ ပူးပေါင်း ရင်ဆိုင်နိုင်မယ်အပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို များများနဲ့ မြန်မြန် လုပ်ရမယ်လို့လည်း ဂျွန်ကယ်ရီက အလေးအနက်ထား ပြောဆိုပါတယ်။
ဒီရင်းနှီးမြှုပ်နှံမှုထိပ်သီးညီလာခံကို ၀န်ကြီးချုပ် နာရင်းဒရာ မိုဒီက စီစဉ်တာ ဖြစ်ပြီး ဇာတိပြည်နယ်ဖြစ်တဲ့ ဂူဂျာရတ်ပြည်နယ် အာမီဒါဘတ်မြို့မှာ ပြုလုပ်တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် မိုဒီက “အိန္ဒိယနိုင်ငံကို စီးပွားရေးလုပ်လို့ အကောင်းဆုံး နိုင်ငံတနိုင်ငံဖြစ်ဖို့ အစိုးရအတွင်း ကြိုးနီစနစ်တွေကို ဖယ်ရှားရမယ်။ ထင်သာမြင်သာတဲ့ မူဝါဒတွေကို ချမှတ်ပြီး အခွန်အခ တည်ငြိမ်ရေးကို လုပ်ဆောင်ရမယ်အပြင် အခုလို အပြိုင်အဆိုင်များတဲ့ ကမ္ဘာကြီးမှာ အစိုးရတွင်း ဗျူရိုကရက်ယန္တရားတွေ ရှိနေရင် ဘယ်လိုမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး” လို့ ပြောဆိုပါတယ်။
အိန္ဒိယ ကျေးလက်ဒေသ လျှပ်စစ်မီးလင်းရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် စွမ်းအင် စီမံကိန်းတွေအတွက် နှစ်နိုင်ငံ ဆွေးနွေးနေကြပြီး အမေရိကန်သမ္မတ အိုဘားမား လာရောက်ချိန်မှာ အပြီးသတ်လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အိန္ဒိယ၀န်ကြီးချုပ် မိုဒီ အမေရိကန်နိုင်ငံကို ပထမဆုံး ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသေးတယ်။