Rolls-Royce ကားကုမ္ပဏီ ၂၀၁၄ ခုနှစ်အတွင်း အရောင်းစံချိန်တင်

1K
ဗြိတိန်နိုင်ငံအခြေစိုက် ရိုးလ်ရွှိုက်စ်(Rolls-Royce) ကားကုမ္ပဏီကြီးဟာ ၂၀၁၄ ခုနှစ်မှာလည်း ကားအရောင်း စံချိန်တင်ခဲ့တယ်လို့ ကုမ္ပဏီ စီအီးအိုက ပြီးခဲ့တဲ့ ၁ ပတ်က ထုတ်ဖော်ပြောဆိုပါတယ်။
ကုမ္ပဏီ စတင်ထူထောင်ခဲ့ချိန်ကစလို့ နှစ်ပေါင်း ၁၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် ၁ နှစ်အတွင်း ကားအစီးရေ ၄ ထောင်ကျော် ထုတ်ရောင်းချနိုင်ခဲ့တယ်လို့ စီအီးအို တော့ရ်စတန့် မူလာ အိုတ်ဗောစ် က ပြောဆိုပါတယ်။
ဒါဟာ မနှစ်ကထက် ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၅ နှစ်ဆက်တိုက် ကားအရောင်း စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ကား ၃ ချိုး ၁ ချိုး၊ ဥရောပတိုက်မှာ ၄၀ ရာခိုင်နှုန်းနဲ့ အရှေ့အလယ်ပိုင်းမှာ၂၀ ရာခိုင်နှုန်း ကားအရောင်း မြှင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။
များသောအားဖြင့် ကားဝယ်ယူသူတွေ စိတ်ကြိုက်ဒီဇိုင်းတွေနဲ့ မှာယူကြတာ ဖြစ်ပြီး ၈၀ ရာခိုင်နှုန်း ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီပိုင်ရှင်တွေ ဖြစ်တယ်လို့ ပြောဆိုပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ နာမည်ကျော် အနုပညာရှင်တွေ ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီက စတင်ရောင်းချခဲ့တဲ့ ခပ်သွက်သွက်ဒီဇိုင်းနဲ့ Wraith မော်ဒယ်နဲ့ Ghost Series II မော်ဒယ်တွေက အရောင်းအသွက်ဆုံးလည်းဖြစ်ပါတယ်။
Rolls-Royce စီအီးအိုက စွယ်စုံသုံး four-wheel drive SUV မော်ဒယ်တွေ ထုတ်လုပ်ဖို့ စဉ်းစားနေတယ်ဆိုတာကို အတည်ပြုခဲ့ပြီး တကယ့်ဆုံးဖြတ်ချက်ကတော့ ၂၀၁၅ လောက်မှ ချဖြစ်မယ်လို့ ပြောဆိုပါတယ်။
Rolls-Royce ကုမ္ပဏီဟာ ဗြိတိန်နိုင်ငံ၊ West Sussex ခရိုင်မှာ တည်ရှိပြီး လောလောဆယ်တော့ ဂျာမန်ကားကုမ္ပဏီ BMW က ပိုင်ဆိုင်ထားပါတယ်။
ပြီးခဲ့တဲ့ ၁၈ လအတွင်း ကားဝယ်လိုအားမြှင့်တက်ခဲ့တာကြောင့် စက်ရုံလုပ်သား ၂ ရာကျော် ထပ်ခေါ်ခဲ့ပြီး လောလောဆယ် လုပ်သားအင်အား ၁၅၀၀ ကျော်ရှိပါတယ်။