စစ်တပ်ကူညီမှုယူပြီး အာဏာဆက်လက်ရယူရန်ကြိုးစားသည့် သီရိလင်္ကာသမ္မတဟောင်းကို စုံစမ်းမည်

1.2K
သီရိလင်္ကာသမ္မတဟောင်းက ရွေးကောက်ပွဲ ရှုံးမှန်းသိတဲ့အချိန်မှာ စစ်တပ် အကူအညီကို ရယူပြီး သမ္မတအာဏာကို ဆက်လက်ရယူဖို့ ကြိုးစားခဲ့မှုကို စုံစမ်းမယ်လို့ အစိုးရသစ်ပြောခွင့်ရက ဇန်န၀ါရီ ၁၁ ရက်နေ့က ပြောဆိုပါတယ်။
သမ္မတအာဏာအလွှဲအပြောင်း ချောမွေ့ခဲ့ပေမယ့် သမ္မတဟောင်း ရာဂျာပတ်ဆာဟာ သူရဲ့တောင်းဆိုချက်ကို စစ်တပ်က မလိုက်လျောတဲ့အချိန်မှ ရာထူးက ဆင်းပေးတာလို့ အစိုးရသစ်ရဲ့ ပြောခွင့်ရ မင်္ဂလာ စမရ၀ီရက ပြောဆိုခဲ့တာပါ။
ဇန်န၀ါရီလ ၈ ရက်နေ့က နောက်ဆုံးမဲရလဒ်တွေ မရေတွက်သေးခင်မှာပဲ ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှုလို့ သမ္မတဟောင်း ရာဂျာပတ်ဆာက လက်ခံအတည်ပြု ခဲ့တာပါ။
ရွေးကောက်ပွဲရှုံးမှန်းသိတဲ့အချိန်မှာ ရွေးကောက်ပွဲကို ဖျက်သိမ်းဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်လို့ အစိုးရသစ်ပြောခွင့်ရက ပြောဆိုပေမယ့် သမ္မတဟောင်းရဲ့ ပြောခွင့်ရကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ပါတယ်။
သီရိလင်္ကာစစ်တပ်ဟာ ၁၉၆၂ ခုနှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှုလုပ်ခဲ့တာက လွဲလို့ တောက်လျှောက် ကြားနေခဲ့တာပါ။ အခုလည်း ရဲတပ်ဖွဲ့နဲ့ စစ်တပ်ပါ ဘက်မလိုက်ပဲ နေခဲ့တယ်လို့လည်း ပြောခွင့်ရက ဆိုပါတယ်။
သမ္မတဟောင်း ရာဂျာပတ်ဆာ ဟာ ၂၀၀၅ ခုနှစ်က စပြီး သီရိလင်္ကာသမ္မတ ဖြစ်လာပြီး တတိယအကြိမ် သမ္မတသက်တမ်းကို ရယူဖို့ ၂၀၁၀ ရွေးကောက်ပွဲအနိုင်မှာ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။
သီရိလင်္ကာပြည်တွင်းစစ်ကို အဆုံးသတ်ခဲ့ပြီး စီးပွားရေးတိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့လို့ လူထုထောက်ခံမှု ရခဲ့ပေမယ့် သမ္မတသက်တမ်း ၂ ခုအတွင်း အာဏာရှင် ဖြစ်လာခဲ့ပြီး အဂတိလိုက်စားမှုတွေ ရှိလာတယ်ဆိုတဲ့ ပြစ်တင်ဝေဖန်မှုတွေ လည်း ရှိခဲ့ပါတယ်။