ပဲရစ်ညီညွတ်ရေးလမ်းလျှောက်ပွဲ ပြည်သူသန်းချီ ပါဝင်

678
လွန်ခဲ့တဲ့ ၃ ရက်က လူ ၁၇ ဦးသေဆုံးခဲ့တဲ့ ပဲရစ်မြို့ တိုက်ခိုက်ခံခဲ့ရအပြီး နိုင်ငံပေါင်း ၄၀ က ခေါင်းဆောင်တွေ ပဲရစ်ညီညွတ်ရေးလမ်းလျှောက်ပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ လမ်းလျှောက်ပွဲကို ပါဝင်သူ ၁ သန်းလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
ပြင်သစ်ဝန်ကြီးချုပ်က ဒီနေ့မှာတော့ ပဲရစ်ဟာ ကမ္ဘာ့မြို့တော်ဖြစ်တယ်လို့ ပြောဆိုပြီး တကမ္ဘာလုံးက နိုးကြားထကြွလာကြတယ်လို့ ပြောဆိုပါတယ်။
ပဲရစ်မြို့တော်မှာ မဂ္ဂဇင်းတိုက်၊ ရဲအရာရှိတွေနဲ့ စူပါမားကက်တိုက်ခိုက်ခံရအပြီး ညီညွတ်ရေးကို ပြသဖို့ လမ်းလျှောက်ချီတက်သူတွေက ရည်ရွယ်ပါတယ်။
အခု ပဲရစ်မြို့ချီတက်ပွဲဟာ ဇန်န၀ါရီလ ၁၀ ရက်နေ့က ပြင်သစ်နိုင်ငံတ၀န်း ကျင်းပခဲ့တဲ့ ချီတက်ဆန္ဒပြပွဲတွေထက် ကြီးမားပါတယ်။
ဇန်န၀ါရီ ၁၀ နေ့က ပဲရစ်မြို့ချီတက်ပွဲတုံးကတော့ ပါဝင်သူ ၇ သိန်းရှိခဲ့ပြီး ရင်ပြင်ကနေ စတင်ချီတက်ခဲ့ကြတာပါ။ ပါရီမြို့ ညီညွတ်ရေးလမ်းလျှောက်ချီတက်ပွဲကို ဗြိတိန်၊ ဂျာမနီ၊ တူရကီ၊ ဂျော်ဒန်၊ အစ္စရေးနဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး မြို့လုံခြုံရေးကိုလည်း အဆင့်မြှင့်ထားပါတယ်။
ရဲတပ်ဖွဲ့ဝင် ၂ ထောင်၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၅၀ နဲ့ ပြင်သစ်ကွန်မန်ဒိုတပ်ဖွဲ့တွေပါ အဆောက်အဦခေါင်းမိုးတွေပေါ်မှာ တပ်စွဲထားကြပါတယ်။
ပြင်သစ်နိုင်ငံတောင်ပိုင်းက မာဆေးမြို့မှာလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ညီညွတ်ရေးအတွက် လမ်းလျှောက်ချီတက်ပွဲကျင်းပခဲ့ကြပါတယ်။ မာဆေးမြို့ဟာ ပြင်သစ်နိုင်ငံမှာ မွတ်စလင်တွေ အများဆုံးနေထိုင်တဲ့မြို့ ဖြစ်ပါတယ်။