အရင်အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီညွန်ကြားရေးမှူးဟောင်း David Petraeus ဟာ အရေးကြီးအချက်အလက်တွေ ပေါက်ကြားမှုနဲ့ အရေးယူခံရဖို့ ရှိတယ်လို့ နယူးယောက်တိုမ်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်အစိုးရရှေ့နေတွေက စီအိုင်အေညွန်ကြားရေးမှူးကာလအတွင်း ရည်စားဖြစ်သူ Broadwell ကို စီအိုင်အေ အီးမေးလ်အကောင့်တွေနဲ့ လျှို့ဝှက်ချက်တွေကို ပေးဖတ်ခဲ့လားဆိုတဲ့ အပေါ်မှာ ရာဇ၀တ်ပြစ်မှုနဲ့ စစ်ဆေးအရေးယူဖို့ သဘောတူထောက်ခံတယ်လို့ သတင်းစာမှာ ဖော်ပြပါတယ်။
Petraeus စီအိုင်အေညွန်ကြားရေးမှူး မဖြစ်ခင် အီရတ် နဲ့ အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ရဲ့ တပ်မှူးကြီးလည်း ဖြစ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ ရည်စားဖြစ်သူနဲ့ ကိစ္စတွေ ပေါ်ထွက်ခဲ့ပြီးနောက်ပိုင်း စီအိုင်အေညွန်ကြားရေးမှူက နုတ်ထွက်ခဲ့တာပါ။
အဲ့ဒီနောက်ပိုင်း Broadwell ရဲ့ကွန်ပျူတာထဲမှာ စီအိုင်အေနဲ့ ပတ်သက်တဲ့စာတွေကို အက်ဖ်ဘီအိုင်စုံထောက်တွေက တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ တကယ်လို့ပြစ်မှုထင်ရှားရင် Petraeus ဟာ ထောင်ဒဏ်ကျခံနိုင်ပါတယ်။
အမေရိကန်သမ္မတ အိုဘားမားကတော့ Petraeus ဟာ အမေရိကန်နိုင်ငံအပေါ်မှာ ဆယ်စုနှစ်များစွာ အထူးတာဝန်ကျေခဲ့တဲ့ နိုင်ငံဝန်ထမ်းကောင်းဖြစ်ခဲ့တယ်လို့ စီအိုင်အေညွန်ကြားရေးမှူအဖြစ်က နုတ်ထွက်ချိန်တုန်းက ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။