ပြင်သစ်က ချာလီ ဟပ်ဒို Charlie Hebdo မဂ္ဂဇင်းတိုက်ကို သေနတ်နဲ့ ၀င်ပစ်ပြီး လူ ၁၂ ဦးကို သတ်ဖြတ်ခဲ့တဲ့ ညီအစ်ကို နှစ်ယောက်ထဲက တယောက်က သူတို့ကို ယီမင်က အယ်လ်ကိုင်းဒါး ဘာသာရေးဆရာ အန်န၀ါ အယ် အာလ၀ီက ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ မသေခင်မှာ ဖြောင့်ချက်ပေးသွားခဲ့ပါတယ်။

ပြင်သစ်ရဲတွေက ချားရစ် ကိုအာချီ Cherif Kouach နဲ့ သူ့အစ်ကိုတို့ကို သုံးရက်ကြာ လိုက်ဖမ်းခဲ့ပြီးနောက် ဇန်န၀ါရီ ၉ ရက်နေ့မှာ သူတို့နှစ်ယောက် ပုန်းနေတဲ့ ပါရီမြို့ မြောက်ပိုင်းက ပုံနှိပ်တိုက်တခုကို ၀င်စီးပြီး အသေဖမ်းဆီးနိုင်ခဲ့ပါတယ်။
မသေခင်မှာ ညီဖြစ်သူ ကိုအာချီက BFM တီဗွီကို တယ်လီဖုန်းကတဆင့် ဖြောင့်ချက်ပေးခဲ့ရာမှာ သူကိုယ်တိုင် ယီမင်ကို သွားခဲ့ပြီး အယ် အာလ၀ီဆီက ငွေကြေးအထောက်အပံ့ကို လက်ခံယူခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။
ယီမင်မှာ နေတဲ့ ဘာသာရေးဆရာ အယ် အာလ၀ီဟာ အယ်လ်ကိုင်းဒါးအဖွဲ့အတွက် နိုင်ငံတကာမှာ လူစုပေးရာမှာ ထင်ရှားသူဖြစ်ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်မှာပဲ ဒရွန်း ဒုံးကျည်နဲ့ တိုက်ခိုက်ခံရလို့ သေဆုံးသွားပြီ ဖြစ်ပါတယ်။
ယီမင်ထောက်လှမ်းရေး သတင်းအရင်းအမြစ်ကလည်း ညီဖြစ်သူ ကိုအာချီသာမက သူ့အစ်ကို ဆက်ကလည်း ယီမင်ကို ၂၀၁၁ မှာ ရောက်ခဲ့ပြီး အယ် အာလ၀ီနဲ့ တွေ့ဆုံခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကိုအာချီ တို့ ညီအစ်ကိုနှစ်ယောက်နဲ့ ပတ်သက်နေတဲ့ အာမာဒီ ကိုလပ် ဗဲလီ ကလည်း မသေခင်မှာ BFM တီဗီကို ဖုန်းခေါ်ခဲ့ပြီး ပါလက်စတိုင်းတွေအတွက် ကာကွယ်ချင်တယ်၊ ဂျူးတွေကို ပစ်မှတ်ထားတယ်လို့ ပြောခဲ့ပါတယ်။
ကုန်တိုက်တခုမှာ ဓားစားခံတွေကို ဖမ်းထားတဲ့ သူ့ကို ရဲက ၀င်ဖမ်းရာမှာ ဓားစားခံ လေးယောက်လည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။
ကိုလပ်ဗဲလီက သူဟာ အိုင်အက်စ်အဖွဲ့ကို သစ္စာခံသူလို့ ပြောခဲ့ပြီး ကိုအာချီတို့ ညီအစ်ကို နှစ်ယောက်နဲ့ အတူ အချိန်ကိုက်ပြီး တိုက်ခိုက်မှုကို လုပ်ခဲ့တာလို့ ပြောခဲ့ပါတယ်။
ပြင်သစ်ရဲတပ်ဖွဲ့ကတော့ သူတို့ သုံးယောက်စလုံးဟာ ပါရီမြောက်ပိုင်းမှာ အခြေစိုက်တဲ့ အစ္စလာမ္မစ် အုပ်စုငယ်တခုရဲ့ အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ပြောပါတယ်။