မသန်စွမ်းအမျိုးသားကော်မတီ လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်သင့်တယ် - ဦးကျော်ကျော်
DVB
·
January 10, 2015
လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းဖို့ရှိနေတဲ့ မြန်မာနိုင်ငံက မသန်စွမ်းသူများရဲ့ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းရဲ့ အားနည်းချက်၊အားသာချက်၊ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း စီမံကိန်းဒါရိုက်တာ ဦးကျော်ကျော်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။
[caption id="attachment_76519" align="alignright" width="300"] ဦးကျော်ကျော်[/caption]
လက်ရှိအချိန် မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေအတွက် ဥပဒေသစ် တရပ်ပြဋ္ဌာန်းဆောင်ရွက်ဖို့ လိုအပ်မလိုအပ် အရင်ဆုံး ဆွေးနွေးပေးပါလား။ လက်ရှိ ရှိနှင့်ပြီးသား ဥပဒေတွေနဲ့တင် မသန်စွမ်းသူတွေအတွက် လုံလောက်မှုရှိမရှင် အရင်သိချင်ပါတယ်။
“နိုင်ငံလူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းရှိတဲ့ မသန်စွမ်းသူတွေဟာ နိုင်ငံရဲ့ အကြီးမားဆုံးသော လူနည်းစုလို့ ပြောရင် ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မသန်စွမ်းသူများကို နိုင်ငံတော်က ကြည့်ရှုစောင့်ရှောက်ရမည်လို့ပဲ ပါပါတယ်။ သူတို့အတွက် ခိုင်မာတဲ့ အာမခံချက်ရှိဖို့က ဥပဒေမူဘောင် ချမှတ်ပေးဖို့ လိုပါတယ်။ ရှိနှင့်ပြီးသား ဥပဒေတွေက မသန်စွမ်းတွေအတွက် ထည့်သွင်း စဉ်းစားထားပြီး အကျုံးဝင်အောင် ရေးဆွဲထားတဲ့ဥပဒေတွေ မဟုတ်တဲ့အတွက် သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးနိုင်တဲ့ ဥပဒေတရပ် မဖြစ်မနေ ပြဋ္ဌာန်း ဆောင်ရွက်ဖို့ လိုပါတယ်။”
အစိုးရက ပြည်သူတွေ လေ့လာအကြံပြုဖို့ မကြာသေးခင်ကမှ ထုတ်ပြန်ထားတဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းဟာ မြန်မာပြည်က မသန်စွမ်းသူတွေ အားလုံးရဲ့ အခွင့်အရေးအတွက် ဘယ်လောက်ထိ အကာကွယ် အထောက်အပံ့ ဖြစ်စေမယ်လို့ ထင်ပါသလဲ။
“ဒီမေးခွန်းအတွက် ၂ ပိုင်း ခွဲပြီး ဖြေချင်ပါတယ်။ ထုတ်ပြန်ထားတဲ့ဥပဒေမူကြမ်းဟာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေကို မူဝါဒပိုင်းဆိုင်ရာမှာ ထိုက်သင့်သလောက် အကာအကွယ် ပေးထားပေမယ့် တဖက်မှာလည်း မသန်စွမ်းအဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်နဲ့ လှုပ်ရှားမှုတွေကို ပိတ်ပင်ထားတာကို တွေ့ရပါတယ်။ နောက်တချက်က လက်တွေ့ အကောင်အထည်ဖော်မှုအပိုင်းမှာ အခက်အခဲများစွာ ရှိနိုင်ပါတယ်။ အဓိကအားဖြင့် အခွန်လျော့ပေါ့သက်သာခွင့်ဆိုတာနဲ့ ပတ်သက်ပြီး ပြည်တွင်းအခွန်ဦးစီးဌာနနဲ့ အကျေအလည် ညှိနှိုင်းရနိုင်ပါတယ်။”
ဒီဥပဒေမူကြမ်းမှာ ဘယ်လို အားနည်းချက်တွေ ရှိပြီး ဘယ်လို အကြောင်းအချက်တွေ ထပ်မံ ဖြည့်စွက်ဖို့ လိုလိမ့်ဦးမယ်လို့ ထင်ပါသလဲ။
“ပြဋ္ဌာန်းပြီး ဖြစ်တဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေမှာ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကို ကန့်သတ်ထားခြင်း မရှိပဲ မှတ်ပုံတင်လိုက တင်နိုင်ပြီး မှတ်ပုံတင်ခွင့်ပြုချက် ပေးနိုင်တဲ့ အခွင့်အာဏာကိုလည်း ပြည်ထောင်စုအဆင့်၊ ပြည်နယ်နဲ့ တိုင်းအဆင့်၊ မြို့နယ်အဆင့် ဖြန့်ဝေထားပေမယ့် ဒီမသန်စွမ်းဥပဒေမူကြမ်းမှာတော့ မှတ်ပုံတင် အရာရှိချုပ်တဦးတည်းအပေါ်မှာ မသန်စွမ်းအဖွဲ့အစည်းများအတွက် မှတ်ပုံတင် ခွင့်ပြုချက် ပေးနိုင်တဲ့ အာဏာကို လွှဲအပ်ထားတာဟာ အားနည်းချက်ပဲ ဖြစ်ပါတယ်။ ဒီအစား ပြည်နယ်နဲ့ တိုင်းအလိုက် အဖွဲ့ ဖွဲ့စည်းပြီး မှတ်ပုံတင်ခွင့်ပြုချက် ပေးသင့်ပါတယ်။
“နောက်တချက်အားဖြင့် မှတ်ပုံတင်ခွင့်အာဏာကို အမျိုးသားကော်မတီကို ပေးအပ်ထား လိုက်မယ်ဆိုရင် ပိုမို သင့်လျော်ပါလိမ့်မယ်။”
မသန်စွမ်းသူများရဲ့ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ပြည်ထောင်စု ၀န်ကြီးက ခေါင်းဆောင်ပြီး ကော်မတီ ထဲမှာ မသန်စွမ်းတွေကို ကိုယ်စားပြုသူ အရေအတွက် ပါဝင်မှု နည်းနေတဲ့အပေါ် ဘယ်လို ထင်ပါသလဲ။
“အမျိုးသားကော်မတီဟာ နိုင်ငံရဲ့ မသန်စွမ်းသူများဆိုင်ရာ ကိစ္စအားလုံးကို တာဝန်ခံ ဆောင်ရွက်ရမယ့် အဖွဲ့အစည်းဖြစ်ပြီး ဒီကော်မတီမှာ မသန်စွမ်းကောင်စီအပါအ၀င် မသန်စွမ်း အသင်းအဖွဲ့တွေရဲ့ ကိုယ်စားလှယ်အားလုံး ပါဝင်သင့်ပြီး သူတို့ဟာ အမျိုးသားကော်မတီရဲ့ နေရာ ၅၀ ရာခိုင်နှုန်း ရရှိသင့်ပါတယ်။ အစိုးရနဲ့ ဌာနဆိုင်ရာ ကိုယ်စားလှယ်များကိုလည်း နေရာ ၅၀ ရာခိုင်နှုန်း သတ်မှတ်သင့်ပါတယ်။ ဒါမှသာ အစိုးရနဲ့ လူမှုအဖွဲ့အစည်းများအကြား တဖက်နဲ့ တဖက် ချိန်ခွင်လျှာ ညီမျှမှု ရှိစေမှာ ဖြစ်ပြီး အချင်းချင်း အပြန်အလှန် ထိန်းကျောင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အမျိုးသားကော်မတီဟာ အစိုးရရဲ့ လွှမ်းမိုးမှုက လွတ်ကင်းတဲ့ သီးခြားလွတ်လပ်သော အဖွဲ့အစည်းတခု ဖြစ်သင့်ပါတယ်။”
မသန်စွမ်းသူတွေအပေါ် အခွင့်အရေးချိုးဖောက်သူတွေအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ်တွေဟာ မျှတမှုရှိတယ် ထင်ပါသလား။
“ပြစ်မှု ပြစ်ဒဏ် မျှတမှု ရှိ၊ မရှိဆိုတာထက် ပြဌာန်းထားတဲ့ ဥပေဒပါ အချက်အလက်တွေဟာ ရိုးရှင်းရဲ့လား၊ နားလည်လွယ်ရဲ့လား၊ လိုက်နာရ လွယ်ကူရဲ့လား ဆိုတာနဲ့ တိုင်းတာချင်ပါတယ်။ အထူးသဖြင့် ပုဒ်မ ၇၆ မှာ ပြဋ္ဌာန်းထားချက်ဟာ CSR လုပ်ဆောင်နေတဲ့ ကုမ္ပဏီကြီးတွေနဲ့ ကော်ပိုရေးရှင်းကြီးတွေကလွဲရင် အများစုသော အလုပ်ရှင်တွေဖက်က လိုက်နာရန် တော်တော်လေး ခက်ခဲနိုင်ပါတယ်။”
မသန်စွမ်းသူတွေကို နိုင်ငံရေးမှာ ပါဝင်ခွင့်ပေးထားတာ ဒီဥပဒေမူကြမ်းမှာ တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ကျန်းမာရေးချို့တဲ့နေသူအတွက် ရွေးကောက်ပွဲဥပဒေမှာ ဆန္ဒမဲပေးပိုင်ခွင့် ပေးမထားသလိုခု ဥပဒေမူကြမ်းမှာလည်း သေသေချာချာ ထည့်သွင်း ဖော်ပြထားတာ မတွေ့ရပါဘူး။ ဘယ်လို ဖြစ်သင့်တယ် ထင်ပါသလဲ။
“ဒီအပိုင်းနဲ့ ပတ်သက်ပြီး ဥပဒေအတည်ပြုပြီးရင် ထပ်မံ ရေးဆွဲရမယ့် နည်းဥပဒေအပိုင်းမှာ ဆက်လက် ဆွေးနွေး ထည့်သွင်းသွားမယ်လို့ ထင်ပါတယ်။ ဉာဏ်ရည်မသန်စွမ်း မိဘများအဖွဲ့ကလည်း အဲဒီအပိုင်းကို အခွင့်သင့်တိုင်း ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သိထားပါတယ်။”
ခုလွှတ်တော်မှာ အသစ်ရေးဆွဲပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့ မသန်စွမ်းသူများရဲ့ အခွင့်အရေးများ ဥပဒေမူကြမ်းဟာ လေ့လာမိသလောက် တခြားနိုင်ငံတွေမှာ မသန်စွမ်း သူတွေအတွက် ရည်ရွယ် ရေးဆွဲထားတဲ့ ဥပဒေတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘယ်လောက်ကွာခြားမှု ရှိတယ်ဆိုတာ သုံးသပ်ပေးပါ။
“တနိုင်ငံနဲ့ တနိုင်ငံ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုနောက်ခံအခြေအနေတွေ မတူကြလို့ ထပ်တူကျဖို့ မလွယ်ပါဘူး။ အဓိကအားဖြင့် ကုလသမဂ္ဂက ပြဋ္ဌာန်းထားတဲ့ မသန်စွမ်းသူများအခွင့်ရေးဆိုင်ရာ သဘောတူစာချုပ် (UNCRPD)ကို အခြေခံပြီး ရေးဆွဲကြတာ ဖြစ်ပါတယ်။ ယခု ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ ဒီဥပဒေကြမ်းဟာလည်း UNCRPD ကို မှီငြမ်းပြီး ရေးဆွဲထားတယ်ဆိုပေမယ့် အနှစ်သာရ အပြည့်အ၀ ရယူထားတာ မဟုတ်ပဲ တချို့ အပိုင်းလေးတွေ ထပ်မံ ဖြည့်စွက် ပြင်ဆင်ဖို့ လိုပါတယ်။”
နောက်ထပ် ဖြည့်စွက်ပြောလိုတာ ရှိရင် ပြောပါ။
“ဥပဒေအသစ် တခု ရေးဆွဲမယ်ဆိုရင် နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလေးထားပြီး ရေးဆွဲရမှာ ဖြစ်သလို အခြေခံဥပေဒကို ကျော်လွန်ပြီး ရေးဆွဲလို့မရပါဘူး။ ပြီးတော့ အခြားသော ပြဌာန်းပြီးတဲ့ ဥပဒေတွေနဲ့လည်း conflict မဖြစ်ဖို့ လိုပါတယ်။ ယခု ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ မသန်စွမ်းသူများရဲ့ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းဟာ လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ရှိသည်ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြဌာန်းပြီးဖြစ်တဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပေဒပါ အချို့သောအပိုင်းများမှာ လိုက်လျောညီထွေ မဖြစ်တာတွေ ရှိပါတယ်။ ဒါတွေကို ပြင်ဆင်ဖို့ လိုပါတယ်။ ဒီဗွီဘီကနေ တဆင့် ကျနော်ရဲ့ အမြင်ကို ထုတ်ဖော်ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ကျေးဇူးတင်ပါတယ်။”