မူးယစ်ဆေးဝါးမှုနဲ့ တရားစွဲခံထားရတဲ့ ဟောင်ကောင် အက်ရှင် ရုပ်ရှင်မင်းသား ဂျက်ကီချန်းရဲ့သားကို ပီကင်းတရားရုံးက ထောင် ၆ လ ချမှတ်လိုက်ပါတယ်။

ဂျက်ကီချန်းရဲ့ သား အသက် ၃၂ နှစ်အရွယ် ဂျေစီချန်းကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အာဏာပိုင်တွေက တရားစွဲဆိုခဲ့အပြီး ယွမ် ၂၀၀၀ ဒဏ်ငွေနဲ့ အတူ အခုလို ပြစ်ဒဏ်ကို ချမှတ်လိုက်တာလို့ ပီကင်း ဒေါင်ချန်ခရိုင်တရားရုံးဘလောဂ်ကို ကိုးကားပြီး အေပီ သတင်းက ရေးပါတယ်။
ဥပဒေကို ချိုးဖောက်ခဲ့သလို ပြစ်ဒဏ်ဟာ ထိုက်တန်ပြီး လူအသိုင်းအ၀န်းကို ပြန်လာရင်တော့ ထပ်မလုပ်တော့ဘူးလို့ ဂျေစီချန်းက ပြောဆိုခဲ့တာကို တရုတ် အစိုးရရုပ်သံက ထုတ်လွှင့်ပါတယ်။
သြဂုတ်လမှာ ဂျေစီချန်းကို ထိုင်ဝမ် ရုပ်ရှင်မင်းသားတဦးနဲ့ အတူ သူရဲ့ တိုက်ခန်းမှာ ပီကင်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဆေးခြောက်သုံးစွဲထားတာကို စစ်ဆေး တွေ့ရှိပါတယ်။
အရင်နှစ်နွေရာသီက တရားမ၀င် မူးယစ်ဆေးဝါး အသုံးပြုမှုအတွက် လူ ၇၈၀၀ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒီအထဲမှာ ရုပ်ရှင်မင်းသား ဂေါင်ဟူလည်း ပါဝင်နေပါတယ်။
၂၀၀၉ ခုနှစ်မှာ ပီကင်းမူးယစ်တိုက်ဖျက်ရေး သံတမန်အဖြစ် ခန့်အပ်ခံထားရတဲ့ ဂျက်ကီချန်းအတွက်တော့ ဒီဖြစ်ရပ်က ရှက်စရာ ဖြစ်ခဲ့သလို အမြင့်ဆုံး ပြစ်ဒဏ် ၃ နှစ်လောက် ချသင့်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။