လက်ရွေးစင်ဘောလုံးသမားဟောင်းများကို ၁ လ ကျပ် ၅၀၀၀၀ ထောက်ပံ့မည်

1.6K
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသက် ၆၅ နှစ်အထက် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ၆၅ ယောက်ကို တဦး ကျပ် ၅ သောင်းစီ လစဉ် ထောက်ပံ့ကူညီဖို့ စီစဉ်နေတယ်လို့ လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးအေးမောင်ကြီးက ပြောပါတယ်။
အာရှဖလား၊ ဆီးဂိမ်းနဲ့ မာဒေးကားဖလားစတဲ့ နိုင်ငံတကာ ပြိုင်ပွဲအသီးသီးမှာ ၀င်ရောက် ယှဉ်ပြိုင်ကစားခဲ့ဖူးတဲ့ ဘောလုံးသမားဟောင်းတွေကို စာရင်းကောက်ယူပြီး ထောက်ပံ့ကြေးပေးဖို့ လုပ်ဆောင်နေတာလို့ သူက ပြောပါတယ်။
“ဆုတံဆိပ်ရခဲ့တဲ့ အခြေအနေနဲ့ စာရင်းကောက်တယ်။ အေ၊ ဘီ၊ စီပေါ့။ အာရှပြိုင်ပွဲမှာ ကစားဘူးသူဆို အေ၊ အရှေတောင်အာရှဆုတံဆိပ်ရဖူးသူဆို ဘီ၊ မာဒေးကားပြိုင်ပွဲ ဆုရဖူးသူဆို စီ စသဖြင့် ဆုတံဆိပ်ရဖူးသူတွေကို ဆွဲထုတ်လိုက်ပြီး အဲဒီထဲကမှ အသက် ၆၅ နှစ်အထက် ကစားသမားတွေကို ထပ်ပြီး ရွေးထုတ်လိုက်တာ ၆၅ ယောက်ရတယ်။”
မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းတွေကို လစဉ် ထောက်ပံ့မယ့် အခု အစီ အစဉ်ကို အဓိကစပွန်ဆာပေးသူတွေကတော့လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးအောင်ကိုဝင်းနဲ့ ဦးဇော်ဇော်တို့ ဖြစ်ပြီးလာမယ့် ဖေဖော်ဝါရီလကုန်လောက် ထောက်ပံ့ကြေးပေးမယ့် အစီအ စဉ် စတင်နိုင်မယ်လို့ သိရပါတယ်။
ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)က မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းအများစုဟာ နွမ်းပါးကြလို့ အခုလို ထောက်ပံ့တာကို ကြိုဆိုလိုက်ပြီး တခြား အားကစားအဖွဲ့ချုပ်တွေလည်း အလားတူ လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။
“မြန်မာ့လက်ရွေးစင်အားကစားသမားတိုင်းကို နိုင်ငံတော်က ထောက်ပံ့ကူညီဖို့ ဆိုတာက ၀န်ထုတ်ဝန်ပိုး ဖြစ်နိုင်တယ်။ ဘောလုံးကို ဘောလုံးအဖွဲ့ချုပ်က လုပ်သလိုပဲ ပြေး ခုန်ပစ်ဆို ပြေးခုန်ပစ်အဖွဲ့ချုပ်ကလုပ်၊ အဖွဲ့ချုပ်တွေ အဖွဲ့ချုပ်တွေက သူတို့ရဲ့ လက်ရွေးစင် အားကစားသမားဟောင်းကြီးတွေကို ပြန်ကြည့်သင့်တယ်လို့ မြင်တယ်။”
အခု ဘောလုံးသမားဟောင်းတွေကို ထောက်ပံ့ငွေဟာလည်း ၁ လ ကျပ် ၁ သိန်း လောက် ထောက်ပံ့သင့်တယ်လို့ ဦးခင်မောင်ထွေးက ဖြည့်စွက်ပြောပါတယ်။