ပြင်သစ်နိုင်ငံ ပဲရစ်မြို့က မဂ္ဂဇင်းတိုက်တတိုက်ကို မွတ်စလင်စစ်သွေးကြွလို့ ယူဆရတဲ့ သေနတ်သမား ၃ ဦးက တိုက်ခိုက်တဲ့အတွက် လူ ၁၂ ဦးသေဆုံးခဲ့တာကြောင့် လုံခြုံရေး အမြင့်ဆုံးတပ်လှန့်ထားပါတယ်။
သေဆုံးသွားသူတွေထဲမှာ အယ်ဒီတာအပါအ၀င် နာမည်ကျော် ကာတွန်းဆရာ ၄ ဦးနဲ့ ရဲအရာရှိ ၂ ဦးတို့ ပါဝင်ပါတယ်။
သေနတ်သမား ၃ ဦးလုံး ကားနဲ့ ထွက်ပြေး လွတ်မြောက်နေလို့ ပြင်သစ်ရဲတွေက အပူတပြင်း ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။
သေနတ်သမားတွေက ရုံးခန်းထဲ ၀င်ရောက်ပစ်ခတ်ခဲ့ပြီး ထွက်မပြေးခင်မှာ ရုံးအပြင်က ရဲကိုလည်း ပစ်ခတ်ခဲ့ပါတယ်။ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်မှုလို့ ပြင်သစ်သမ္မတက ပြောဆိုပါတယ်။
သေနတ်သမားတွေက သူတို့ လက်စားချေခဲ့ပြီဆိုတဲ့အကြောင်း တမန်တော် မိုဟာမက်ကို အော်ဟစ် တိုင်တည်ခဲ့တယ်လို့လည်း မျက်မြင်တွေက ပြောဆိုပါတယ်။
အသက် ၄၇ နှစ်ရှိ မဂ္ဂဇင်းတိုက် အယ်ဒီတာဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကြောင့် ရဲအစောင့်အရှောက်နဲ့ နေထိုင်နေရတယ်ဆိုလည်း ဆိုပါတယ်။
အစကတော့ သေနတ်သမားက ၂ ယောက်လို့ ဖော်ပြခဲ့ကြပေမယ့် ပြင်သစ် ပြည်ထဲရေးဝန်ကြီးကတော့ ၃ ယောက်လို့ နောက်ပိုင်းမှာ ပြောဆိုပါတယ်။
တိုက်ခိုက်မှုမှာ လူ ၇ ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။
အခု တိုက်ခိုက်ခံရတဲ့ ချာလီ ဟက်ဘဒို (Charlie Hebdo) အပတ်စဉ် သရော်စာ မဂ္ဂဇင်းတိုက်ဟာ ၂၀၁၁ ခုနှစ်ကလည်း တမန်တော် မိုဟာမက်ပုံကို ရုပ်ပြောင် ရေးဆွဲဖော်ပြခဲ့လို့ မီးရှို့တိုက်ခိုက်ခံခဲ့ရပါသေးတယ်။
မဂ္ဂဇင်းတိုက်က အိုင်အက်စ်အကြမ်းဖက်ခေါင်းဆောင် အဘူ ဘက်ကာ အယ် ဘဂ္ဂဒါဒီရဲ့ ရုပ်ပြောင်ကို နောက်ဆုံး ရေးဆွဲဖော်ပြခဲ့တာပါ။
ဒီတိုက်ခိုက်မှုကို အမေရိကန်၊ ဗြိတိန်နဲ့ အာရပ်အဖွဲ့ချုပ်ခေါင်းဆောင်တွေအပါအ၀င် အီဂျစ်နိုင်ငံရဲ့ သြဇာအကြီးဆုံး အစ္စလာမ်မစ်တက္ကသိုလ်ကြီးဖြစ်တဲ့ အယ်လ် အစ်ဇ်ဟာ (Al-Azhar) တို့က အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
အနက်ရောင်ဝတ်စုံဝတ် သေနတ်သမား ၂ ယောက်ဟာ အေကေမောင်းပြန်ရိုင်ဖယ် သေနတ်တွေနဲ့ မဂ္ဂဇင်းတိုက်ထဲ ၀င်သွားပြီး မကြာခင်မှာပဲ ပစ်ခတ်သံတွေ တရစပ် ကြားခဲ့ရတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။ နောက်ပြန်ထွတ်လာပြီး လမ်းမှာတွေ့တဲ့ ရဲရဲ့ခေါင်းကို အနီးကပ် ပစ်ခဲ့ပြီး ကားအနက်ရောင် တစီးနဲ့ ထွက်သွားကြတာပါ။
တိုက်ခိုက်မှုအပြီးမှာ ပြင်သစ်နိုင်ငံတနိုင်ငံလုံးက သတင်းဌာနတွေအားလုံး လုံခြုံရေးအဆင့် တိုးမြှင့်ခဲ့ပါတယ်။ အခုလို အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး မနေ့ညက ပဲရစ်မြို့လယ် ရင်ပြင်မှာ ပြည်သူရာနဲ့ချီ ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ စုရုံးနေကြပါတယ်။
ပြင်သစ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ် ခရစ်စမတ်မတိုင်ခင်ကတည်းက မွတ်စလင်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကြောင့် လုံခြုံရေးအဆင့် တိုးမြှင့်ထားခဲ့တာလည်း ဖြစ်ပါတယ်။
ပြင်သစ်မြို့ကြီးတွေမှာ လူအုပ်ထဲ ကားနဲ့ အတင်းတိုးဝင် တိုက်မှုတွေ၊ ရဲတွေကို ဓားနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
ဒီတိုက်ခိုက်မှုတွေဟာ တခုနဲ့ တခု ဆက်စပ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ပြင်သစ်အစိုးရက ငြင်းဆန်ခဲ့ပေမယ့် လူစည်းကားတဲ့နေရာတွေမှာ လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားခဲ့တာပါ။
၂၀၀၅ ခုနှစ်က တမန်တော်မိုဟာမက်ကို ကာတွန်းရုပ်ပြောင် ရေးဆွဲဖော်ပြလို့ မွတ်စလင်ကမ္ဘာကို အုပ်အော်သောင်းနင်း ဖြစ်စေခဲ့တဲ့ ဒိန်းမတ်သတင်းစာတိုက်ကိုလည်း အခု တိုက်ခိုက်မှုအပြီး လုံခြုံရေးအဆင့်မြှင့်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ရိုက်တာ
[gallery ids="76291,76292,76293,76294,76295,76296,76297,76298"]