ပျက်ကျ အဲအေးရှားလေယာဉ် အမြီးပိုင်း တွေ့ပြီဟု အတည်ပြု

1.5K
ပင်လယ်ထဲ ပျက်ကျခဲ့တဲ့ အဲအေးရှား လေယာဉ်ရဲ့ အမြီးပိုင်းကို တွေ့ပြီလို့ အင်ဒိုနီးရှား ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့က ဒီနေ့ အတည်ပြုပါတယ်။
အမြီးအပိုင်းအစကို လေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ် ရခဲ့တဲ့ နေရာနဲ့ မိုင် ၂၀ အကွာမှာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လေယာဉ်အမြီးပိုင်းမှာ တပ်ဆင်ထားတဲ့ ပျံသန်းမှု မှတ်တမ်းတင်စက် black box ကိုလည်း တွေ့ဖို့ စုံစမ်းရေးမှူးတွေက မျှော်လင့်နေကြပါတယ်။
အသံလှိုင်းစနစ်သုံး ရှာဖွေရေးစက်က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရေငုပ်သမားတွေက အတည်ပြုနိုင်တာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့ကနေ စင်ကာပူကို ပျံသန်းတဲ့လေယာဉ်ဟာ ပျံသန်းချိန် မိနစ် ၄၀ အကြာမှာပဲ ဘောနီယိုကျွန်း ကမ်းလွန် ပင်လယ်ပြင်ထဲကို ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်ပါတဲ့ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၆၂ ယောက်လုံး သေဆုံးခဲ့ပါတယ်။
အဲအေးရှား လေယာဉ် ရှာဖွေရေးဟာ ဒီနေ့ဆိုရင် ၁၀ ရက်မြောက်သွားပြီး အလောင်း ၄၀ နီးပါး ပြန်တွေ့ခဲ့ရပါတယ်။
အလောင်းတွေကို ဆူရာဘာယာမြို့မှာ ရှိတဲ့ ဘာယောင်ကာရာ ဆေးရုံကို ပို့ပြီး အင်ဒိုနီးရှား ပညာရှင်တွေ၊ နိုင်ငံတကာ မျိုးဗီဇ ပညာရှင်တွေက စစ်ဆေးနေပါတယ်။ အခုအထိ အလောင်း ၁၆ လောင်းကို အတည်ပြုနိုင်ပါပြီ။