နိုင်ငံရဲ့နယ်နိမိတ်၊ ရွေးကောက်ပွဲစတာတွေထက်ကို ကျော်ပြီး ရှေ့ရေး မျှော်တွေးနိုင်တဲ့ ခေါင်းဆောင်တွေလိုအပ်တယ်လို့ The Elders အဖွဲ့ ဥက္ကဋ္ဌ ကမ္ဘာကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ပြောပါတယ်။
၂၀၁၅ နှစ်ကူး စကားလက်ဆောင်အဖြစ် သူက အခုလို ပြောဆိုခဲ့ပါတယ်။

၂၀၁၄ က ဖြစ်ရပ်တွေကို ကြည့်ပြီး ၂၀၁၅ မှာ တွန်းလှန်ရမယ့် စိန်ခေါ်မှုကို ကြည့်လိုက်မယ်ဆိုရင်တော့ ကြောက်ရွံ့မှုတွေနဲ့ မ၀ံ့မရဲဖြစ်နေတဲ့ ကမ္ဘာဖြစ်နေတယ်” လို့ ကိုဖီအာနန်က ပြောပါတယ်။
အကြမ်းဖက်မှု၊ ရောဂါ၊ ဆာလောင်မွတ်သိပ်မှုတွေရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရသလို သူတို့ကိုယ်တိုင်နဲ့ သူတို့ ချစ်မြတ်နိုးရတဲ့သူတွေရဲ့ ဘ၀အတွက် စိုးစိတ်မှုကို လူတွေရဲ့ နေစဉ်ဘ၀မှာ ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် နိုင်ငံရေး ခေါင်းဆောင်တွေမှာလည်း လူကြိုက်နည်းမှာ အာဏာကို လက်လွှတ်ရမှာ ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ နိုင်ငံရေး သမားတွေဆီမှာ ရှိနေသလို ဒါဟာ အသေးအမွားဖြစ်ပေမယ့် ခေါင်းဆောင်တွေမှာ ဒီလို စိုးရွံမှုတွေ ရှိနေရင်တော့ ကမ္ဘာကြီးရဲ့ အလားအလာက စိုးရိမ်စရာဖြစ်တယ်လို့ ကိုဖီအာနန်က ပြောပါတယ်။
ခေါင်းဆောင်တွေအနေနဲ့ သူတို့ အနီးအကပ်ဆုံး ကိစ္စရပ်တွေကို ပူပန်တာဟာ အမြဲတစေ ဖြစ်တတ်ပေမယ့် ပိုလေးနက်တဲ့ ကိစ္စတွေကတော့ အဝေးဆုံးမှာ ရှိနေတယ်လို့ အနာဂတ် မျိုးဆက်သစ်တွေ ရင်ဆိုင်ရနိုင်တဲ့ ရာသီဥတု ပြောင်းလဲမှုကို ဥပမာပေးပြောဆိုပါတယ်။
ဒီအတွက် ရှေ့ရေးကို မျှော်တွေးတဲ့ ခေါင်းဆောင်တွေ လိုသလို လေးစား ထင်ရှားတဲ့ ခေါင်းဆောင်တွေကတော့ သူတို့ အရည်အချင်းတွေကို အခွန်ဖြတ်ဖို့ တင်းကြပ်တဲ့ လူဝင်မှု စီးကြပ်ရေး မူဝါဒတွေ ပြဋ္ဌာန်းဖို့ တခြားတိုင်းပြည်ကို လက်နက်နဲ့ ခြိမ်းခြောက် ရန်လိုပြီး အထင်ကြီး လေးစားမှုရအောင် မလုပ်ဘဲ ဉာဏ်ပညာ၊ သမာဓိနဲ့ လူတွေကို ကရုဏာထားတယ်လို့ ပြောပါတယ်။
The Elders အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားက စတင်ဖွဲ့စည်းခဲ့ပြီး တကမ္ဘာလုံး ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။