ရန်ကုန်မြို့ရဲ့ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးရေး ဌာနက အိမ်ရာစီမံကိန်း ၆ ခုကို အကောင်အထည်ဖော်နေပါတယ်။

ဒီစီမံကိန်း ၆ ခုက လာမယ့် ၂၀၁၆ ခုနှစ်အကုန် ပြီးစီးမှာဖြစ်ပြီး အခန်းပေါင်း ၂ သောင်းကျော် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမယ့် ဒီအရေအတွက်က ရန်ကုန်မြို့ရဲ့ အိမ်ရာဈေးနှုန်းကြီးမြင့်နေမှုအပေါ် သက်ရောက်နိုင်မှု မရှိလို့ အိမ်ခြံမြေဈေးနှုန်းက ရုတ်ချည်းပြုတ်ကျသွားနိုင်တဲ့ အလားအလာ မရှိသေးတဲ့အကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတချို့က ထောက်ပြပြောဆို ပါတယ်။
လက်ရှိ ရန်ကုန်မြို့ရဲ့တန်ဖိုးမြင့်အိမ်ရာ အရောင်းဈေးနှုန်းက ၁ ပေ ပတ်လည်ကို ကျပ် ၄ သိန်း အထက်မှာ ရှိနေပြီး အငှားဈေးနှုန်းကတော့ ၁ ပေပတ်လည်ကို ကျပ် ၁၀၀ ကနေ ၃၀၀ အကြားမှာ ရှိပါတယ်။
ရန်ကုန်မြို့နေလူထုအတွက် အိမ်ရာလိုအပ်ချက်က ၁ နှစ်ကို အခန်းပေါင်း ၂ သောင်းနဲ့ ၃ သောင်းကြားမှာ ရှိနေပါတယ်။