ဘင်္ဂလားဒေ့ရှ်အာဏာရပါတီနှင့် အတိုက်အခံပါတီ ထောက်ခံသူများကြား ရန်ပွဲဖြစ်၊ ၂ ဦးသေဆုံး

2.1K
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း အငြင်းပွားဖွယ် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ထိ အမျိုးသားရေး ဝါဒီ ပါတီနဲ့ လက်ရှိ အာဏာရ အဝါမီအသင်းချုပ်ပါတီတို့ကို ထောက်ခံသူတွေကြား ရန်ပွဲတွေ ဆက်ဖြစ်နေလို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့က ဆန္ဒပြသူ ၂ ယောက် သေနတ်ထိမှန် သေဆုံးပြီး တချို့လည်း ဒဏ်ရာရှိခဲ့ပါတယ်။
ရဲတွေက သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာ မပြောပေမယ့် အတိုက်အခံပါတီကတော့ သေဆုံးသူတွေဟာ ဘီအန်ပီပါတီက တက်ကြွလှုပ်ရှားသူတွေလို့ ပြောပါတယ်။
ဒါအပြင် ဇန်န၀ါရီ ၃ ရက်နေ့က တခြားမြို့အတော်များများမှာ စတင်တဲ့ ဆန္ဒပြပွဲတွေ ကြောင့် သူတို့ပါတီကို ထောက်ခံသူတွေ ရာနဲ့ ချီ အဖမ်းခံရတယ်လို့ ဘီအန်ပီပါတီက ပြောပါတယ်။
ဓာတ်ဆီပုလင်ဗုံးတွေလဲ နိုင်ငံအစိတ်အပိုင်းတွေနဲ့ မြို့တော် ဒါကာမှာ ပေါက်ကွဲခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ မြို့တော် ဒါကာက ပုံမှန် ပိတ်ဆို့နေတဲ့ လမ်းတွေဟာ ဇန်န၀ါရီ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ဗလာကျင်းလုနီးပါး ဖြစ်နေတာပါ။
အာဏာပိုင်တွေက မြိ့တွင်းကိုဝင်တဲ့ ဘတ်စ်ကား ရထားနဲ့ ကူးတို့လှေ သင်္ဘောတွေကို ပိတ်ထားခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ အဓိကရုဏ်း နှိမ်နင်းရေးသမားတွေကိုလဲ ပိုမတည်ငြိမ်တဲ့နေရာတွေမှာ တာဝန်ချထားပါတယ်။
ဇန်န၀ါရီ ၅ ရက်နေ့ကတော့ ရဲတွေက သတိပေးထားပေမယ့် အတိုက်အခံခေါင်းဆောင် ဘီဂမ် ခါလေဒါဇီယာက စီတန်းလှည့်လည်မှုကို ရုပ်သိမ်းဖို့ ငြင်းဆန်ခဲ့ပါတယ်။
အရင်ဝန်ကြီးချုပ်ဟောင်း ခါလီဒါကတော့ ဘက်မလိုက် အဖွဲ့အစည်းလက်အောက်မှာ ရွေးကောက်ပွဲအသစ် ပြန်လုပ်ဖို့ တောင်းဆိုပြီး လက်ရှိအစိုးရကို ဒီမိုကရေစီနည်လမ်းမကျတဲ့ တရားမဝင်အစိုးရလို့ ခေါ်ဝေါ် လိုက်ပါတယ်။
အမျိုးသားခေါင်းဆောင်ဟောင်းတွေနဲ့ ပတ်သက်နေတဲ့ ဟာစီနာနဲ့ ခါလီဒါတို့ဟာ ကြာရှည်ခါးသီးတဲ့ ပြိုင်ဆိုင်မှု ရှိခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို လွှမ်းမိုးထားတာ အနှစ် ၂၀ ကျော်ပါပြီ။
