A d v e r t i s e m e n t With Us

အမျိုးသမီးငယ်များကို အိုင်အက်စ် စစ်သွေးကြွများ ဖမ်းဆီးလိင်ကျွန်ပြု

ISအီရတ်နိုင်ငံ မြောက်ပိုင်းဒေသမှာ နေထိုင်ကြတဲ့ ရာဇီဒီ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အိုင်အက်စ် စစ်သွေးကြွတွေက ဖမ်းဆီးသွားပြီး လိင်ကျွန်ပြု အသုံးချခံရတယ်လို့ ပြန်လွှတ်လာတဲ့ အမျိုးသမီးတွေက ပြောပါတယ်။ လုံခြုံရေးအရ သူ့ကိုယ်သူ ပါယမ် ဆိုပြီး နာမည်ပြောင်းထားတဲ့  အမျိုးသမီးက ၁ လလောက် အဖမ်းခံရပြီးတော့ ပြန်လည် လွှတ်မြောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက သူတို့ ရွာကို စစ်သွေးကြွတွေကို ၀င်သိမ်းပြီးတော့ သူ့ကိုလည်း ဖမ်းခေါ်သွားခဲ့တာဖြစ်ပါတယ်။ သူ ပြန်ပြောပြချက်အရ စစ်သွေးကြွတွေက သူနဲ့ အတူ အဖမ်းခံရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေကို  ထမင်းလည်းမကျွေး၊ ရေလည်း မတိုက်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် နေ့စဉ် မိန်းကလေးတွေကို တနေရာကို ခေါ်ထုတ်သွားတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အခုတော့ ပါယမ်ဟာ အီရတ်မြောက်ပိုင်းက ဒူဟွခ်ဆိုတဲ့ ဒုက္ခသည်စခန်းမှာ မိသားစုနဲ့ အတူ နေပါတယ်။ လုံခြုံရေးအရ နာမည်ပြောင်းထားတဲ့ အီရှာ ဆိုတဲ့ အမျိုးသမီးရဲ့ အမျိုးသားကို စစ်သွေးကြွတွေက သတ်ဖြတ်သွားတဲ့ အချိန်မှာ ဇနီးသည်က ကိုယ်ဝန်နဲ့  ကျန်ခဲ့ပါတယ်။ စစ်သွေးကြွတွေက အီရှားကို စစ်သုံ့ပန်းအဖြစ် ဖမ်းသွားပြီး နောက်တော့ မိုဆူးလ်မြို့က လိင်ကျွန်ဈေးကွက်မှာ အရောင်းခံလိုက်ရပါတယ်။ အဲဒီမှာ မိန်းကလေးတယောက်ရဲ့ ပေါက်ဈေးက ဒင်နာငွေ ၁ သောင်းခွဲ အမေရိကန် ဒေါ်လာ ၁၃ ဒေါ်လာ ရှိတယ်လို့ ဆိုပါတယ်။ အသက်ကြီးကြီး အမျိုးသားတွေက မယားအဖြစ် ၀ယ်သွားကြတယ်လို့ ဆိုပါတယ်။ တချို့လည်း အကြိမ်ကြိမ် အဓမ္မကျင့်ပြီးရင် အဆင့်ဆင့် ပြန်ရောင်းတယ်လို့ သူက ပြန်ပြောပြပါတယ်။ အရင်ကလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အပါအ၀င် လူ့အခွင့်အရေး အဖွဲ့တွေက ပြန်လွှတ်လာသူတွေနဲ့ တွေ့ဆုံမေးမြန်းပြီး အစိရင်စာတွေ ထုတ်ပြန်ထားတဲ့အထဲမှာ အခုလို အဖြစ်အပျက်မျိုးတွေ ပါဝင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up