A d v e r t i s e m e n t With Us

ရာသီဥတုဆိုးဝါးမှုကြောင့် အဲအေးရှားလေယာဉ် ပျက်ကျဟု အင်ဒို မိုးလေ၀သဌာန ယုံကြည်

ဂျာဗားပင်လယ်ထဲကို အဲအေးရှားလေယာဉ် ပျက်ကျသွားမှုဟာ ရာသီဥတုဆိုးဝါးမှုက အဓိကအကြောင်းအရင်းဖြစ်တယ်လို့ အင်ဒိုနီးရှားမိုးလေ၀သဌာနက ယုံကြည်ထားပါတယ်။ မုန်တိုင်း မိုးတိမ်တောင်တွေကြား လေယာဉ်ဖြတ်သန်းချိန်မှာ လေထုက အေးခဲနေတာကြောင့် ဂျက်အင်ဂျင် ရုတ်တရက်စက်သေသွားနိုင်တယ်ဆိုတဲ့ ကနဦးသုံးသပ်မှုတွေရှိတယ်လို့ အင်ဒိုနီးရှား မိုးလေ၀သဌာနက ဆိုပါတယ်။ AirAsiaဇန်န၀ါရီလ ၃ ရက်နေ့ကတော့ လေယာဉ်ကိုယ်ထည်အစိတ်အပိုင်းတွေလို့ ယုံကြည်ရတဲ့ အပိုင်း ၄ ပိုင်းကို ကယ်ဆယ်ရေးတွေက ရေအောက်မှာ ရှာဖွေ တွေ့ရှိထားပြီး အကြီးမားဆုံး အစိတ်အပိုင်းက ပေ ၅၀ ကျော်လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။ လောလောဆယ် ခရီးသည်အလောင်း ၃၀ လောက် ဆယ်ယူရရှိထားပြီး ၄ လောင်းကိုပဲ နာမည်နဲ့တကွ အတည်ပြုနိုင်ထားပါတယ်။ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကတော့ နောက်ထပ် အလောင်းတွေ ရှာတွေ့ဖို့ မျှော်လင့်နေပါတယ်။ လေယာဉ်မှတ်တမ်းသေတ္တာနဲ့ လေယာဉ်မှူးတွေရဲ့ အသံဖမ်းစက်တွေကို ဆက်လက်ရှာဖွေရအုံးမှာဖြစ်ပါတယ်။ ဒါပေမယ့် ရာသီဥတုအခြေအနေ ဆိုးဝါးခဲ့တာကြောင့် ရှာဖွေရေးလုပ်ငန်းတွေကို ခက်ခဲရှည်ကြာစေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ တချိန်ထဲမှာပဲ လေယာဉ်ပျက်ကျခဲ့ရတဲ့နေ့က လေယာဉ်ခရီးစဉ်ဟာ တရားဝင်ပျံသန်းခွင့်ရတဲ့ ခရီးစဉ်မဟုတ်ဘူးဆိုတာကိုလည်း အစိုးရအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိထားပါတယ်။ ဒါကြောင့် အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပြီး လက်ရှိပျံသန်းနေတဲ့ Pangkalan Bun မြို့နဲ့ စင်ကာပူနိုင်ငံကို ပျံသန်းနေတဲ့ ခရီးစဉ်ကိုလည်း ရပ်ဆိုင်းထားလိုက်ပါတယ်။ အဲအေးရှား အင်ဒိုနီးရှားလေကြောင်းလိုင်းကလည်း အစိုးရအာဏာပိုင်တွေရဲ့ စစ်ဆေးမှုမှာ အပြည့်အ၀ ပူးပေါင်းကူညီဖို့လည်း ဂတိပြုထားပါတယ်။ လေယာဉ်နဲ့ ခရီးသည်အားလုံး ၁၆၂ ဦးလိုက်ပါသွားခဲ့ပြီး အဲအေးရှားစတင်ပျံသန်းခဲ့တဲ့ ၁၃ နှစ်ကြာကာလအတွင်း ဒါဟာ ပထမဆုံး လေယာဉ်ပျက်ကျမှုလည်းဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up