လက်ပံတောင်းတောင်သူဒေါ်ခင်ဝင်း သေဆုံးမှု ညီမဖြစ်သူ အမှုဖွင့်
DVB
·
January 4, 2015
လက်ပံတောင်းဒေသ အကြမ်းဖက်ဖြိုခွဲမှုမှာ သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းနဲ့ ဒဏ်ရာရရှိသူတွေအတွက် အရေးယူပေးဖို့ ဒေါ်ခင်ဝင်းရဲ့ ညီမဖြစ်သူ ဒေါ်ခင်မာအေးက ဆာလင်းကြီးမြို့နယ် ရဲစခန်းမှာ ဇန်န၀ါရီ ၃ ရက်နေ့က အရေးယူပေးဖို့ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။
[caption id="attachment_75923" align="alignright" width="422"] ဓာတ်ပုံ - နေသီဟ[/caption]
အခု အမှုနဲ့ ပက်သက်လို့ တာဝန်ရှိသူတွေဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီက တာဝန်ခံ ဦးလှစိန်၊ ၀မ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေ၊ စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးနေထွန်း၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဦးကြည်နိုင်တို့ကို နာမည်တပ်ပြီး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ဆားလင်းကြီးမြို့နယ် စခန်းမှူးဦးသန်းနိုင်က အခု ကိစ္စဟာ ရှုပ်ထွေးတဲ့အတွက် နိုင်ငံတော်အစိုးရရဲ့ တရားဥပဒေအကြံပေးတွေကို မေးပြီး အမှုကို လက်သင့်ခံသင့်/ မခံသင့်နှင့် ဘယ်ပုဒ်မဖြင့် လက်သင့်ခံရမည်ကို သက်ဆိုင်ရာသို့ မေးမြန်းပြီး ဆက်လက်စီစဉ်ဆောင်ရွက်ပေးပါမယ်လို့ ပြောဆိုခဲ့ပါတယ်။
တရားစွဲဆိုရာမှာ တရားရုံးလွှတ်တော်ချုပ် ရှေ့နေတွေဖြစ်တဲ့ ဦးအောင်သိန်း၊ ဦးသိန်းသန်းဦး တို့မှ ဦးဆောင်ပြီး အမှုကို ဆားလင်းကြီးရဲစခန်းသို့ အမှုဖွင့် တိုင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။
ရှေ့နေဦးအောင်သိန်းကတော့ အမှုကို လက်သင့်မခံသေးတာနဲ့ပတ်သက်လို့ စခန်းမှူးဖြစ်သူ ဦးသန်းနိုင်ကို ၀မ်ပေါင်က လယ်သမားတွေကို အမှုဖွင့်တာကို လက်ခံပြီး မိမိတို့ အမှုဖွင့်တာကို လက်မခံရတဲ့အကြောင်းရင်းတွေကို မေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။