
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့ အကြို အခမ်းအနားကို ဒီနေ့ ပဲခူးမြို့မှာ ပြုလုပ်ဖို့ ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ ရှိပါတယ်။
နေ့လည်ပိုင်းမှာ ရွှေမော်ဓေါစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြှော်ပြီးရင် ရွှေမော်ဓေါ အနောက်ဘက်မုဒ် ဗုဒ္ဓအသံဓမ္မဗိမ္မာန်နောက်ကျောကွင်းမှာ ပြည်သူလူထုကို တွေ့ဆုံ စကားပြောကြားဖို့ ရှိပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာ ပြည့်မှာ ဖြစ်တဲ့အတွက် နိုင်ငံအနှံ့ မြို့ကြီး၊ မြို့ငယ်တွေမှာ ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို လွန်ခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက အရှိန်မြှင့် ပြုလုပ်နေကြတာဖြစ်ပါတယ်။