အဂတိလိုက်စားမှုနှင့် စီးပွားရေးတုံ့နှေးနေမှုများကို ကိုင်တွယ်မည် ဘရာဇီးသမ္မတ ကတိပြု

1.7K
ဘရာဇီးသမ္မတအဖြစ် ဒုတိယနှစ်သက်တမ်း ဆက်အရွေးခံရတဲ့ သမ္မတ ဒီလ်မာ ရောလ်ဆက်ဖ်က နိုင်ငံအတွင်း အဂတိလိုက်စားမှုနဲ့ စီးပွားရေးတုံ့နှေးနေမှုကို ဦးစားပေး ကိုင်တွယ်မယ်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်နေ့က ကတိပြုလိုက်ပါတယ်။
နိုင်ငံပိုင်ရေနံကုမ္ပဏီကြီးဖြစ်တဲ့ ပီထရိုဘရာစ်မှာ အဂတိလိုက်စားမှု ငွေကြေး အရှုပ်တော်ပုံ ဖြစ်ပွားခဲ့အပြီး ဒီအဂတိလိုက်စားမှုကို တိုက်ဖျက်မယ်ဖို့ သမ္မတကျမ်းကျိန်ပွဲမှာ အလေးအနက်ထား ပြောဆိုလိုက်တာပါ။
အသက် ၆၇ နှစ်အရွယ် သမ္မတ ရောလ်ဆက်ဖ်ဟာ ၂၀၁၁ ခုနှစ်က စပြီး ဘရာဇီးနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာတာပါ။
အောက်တိုဘာလက အတိုက်အခံ သမ္မတလောင်း နီးလ်ဗက်စ်နဲ့ ဒုတိယအဆင့် ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး မဲရလဒ် ၅၁.၆ ရာခိုင်နှုန်းနဲ့ ကပ်ပြီး အနိုင်ရခဲ့တာပါ။
ပီထရိုဘရာလ်ရေနံကုမ္ပဏီကြီး ငွေကြေးအရှုပ်တော်ပုံကို အထူးစုံစမ်းသွားမှာ ဖြစ်ပြီး အရေးယူစရာရှိရင်လည်း ပြတ်ပြတ်သားသား အရေးယူမယ်လို့လည်း ဇန်န၀ါရီ ၁ ရက်နေ့က ပြုလုပ်တဲ့ သမ္မတကျမ်းကျိမ်ပွဲမှာ ပြောဆိုပါတယ်။
သမ္မတ ဖြစ်လာတဲ့ ရောလ်ဆက်ဖ်ကိုယ်တိုင်လည်း ပီထရိုဘရာလ်ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပြီး ဖြစ်ပွားခဲ့တဲ့ အရှုပ်တော်ပုံကို သိရှိခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
လောလောဆယ်အချိန်အထိတော့ အဲဒီအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ၃၉ ဦး ရှိပါတယ်။
ဒုတိယအကြိမ် သမ္မတသက်တမ်းမှာ ဘရာဇီးနိုင်ငံရဲ့ စီးပွားရေးဗျူဟာပြောင်းတဲ့အနေနဲ့ စီးပွားရေးဝန်ကြီးသစ်တဦးကို ရွေးချယ်ခန့်အပ်ထားပါတယ်။
သူအရင် သမ္မတ ဆေးလ်ဗားလက်ထက်က ဘရာဇီးနိုင်ငံရဲ့ စီးပွားရေးဟာ ကမ္ဘာ့အဆင့် ၇ အထိ တက်လာခဲ့တာပါ။
သမ္မတ ရောလ်ဆက်ဖ်လက်ထက်အရောက်မှာ တရုတ်နိုင်ငံရဲ့ ၀ယ်လိုအား ကျဆင်းလာခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့ စီးပွားရေးလည်း တုန့်နှေးလာခဲ့ပါတယ်။
သမ္မတ ရောလ်ဆက်ဖ်ရဲ့ သမ္မတကျမ်းကျိန်ပွဲကို အမေရိကန်နဲ့ တရုတ်ဒုသမ္မတတွေ အပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံက အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။