ဒုက္ခသည် ၉၀၀ တင်ဆောင်လာသည့် မော်ဒိုဗာနိုင်ငံအလံလွှင့် ကုန်တင်သင်္ဘောကို ကယ်တင်

1.6K
အရှေ့အလယ်ပိုင်းက ဒုက္ခသည် ၉၀၀ လောက်ကို တင်ဆောင်လာတဲ့ မော်ဒိုဗာနိုင်ငံအလံလွှင့် ကုန်တင်သင်္ဘောတစင်းကို အီတလီရေတပ်က ဒီဇင်ဘာလ ၃၁ ရက်နေ့က ကယ်တင်ခဲ့ကြ ပါတယ်။ အရေးပေါ်အချက်ပေးချက်ကို ရရှိအပြီး အီတလီရေတပ်က သွားရောက်ကယ်ဆယ်ခဲ့ပြီး အီတလီတောင်ပိုင်းက ဂါလီပိုလီမြို့ကို ခုတ်မောင်းလာခဲ့ရတာ ဖြစ်ပါတယ်။
အီတလီရေတပ်က သင်္ဘောပေါ်ရောက်ရှိသွားချိန်မှာ သင်္ဘောဝန်ထမ်းတွေ တဦးမှ မရှိကြပဲ အလိုအလျောက် ခုတ်မောင်းနေတယ်လို့ အီတလီကမ်းခြေစောင့် ပြောခွင့်ရက ပြောဆိုပါတယ်။
ဒါကြောင့် သင်္ဘောဝန်ထမ်းတွေ ကိုယ်တိုင် လူကုန်ကူးသူတွေဖြစ်နိုင်ပြီး အီတလီ အာဏာပိုင်တွေကို ရှောင်ထွက်သွားတာဖြစ်နိုင်တယ်လို့ မီဒီယာတွေက ခန့်မှန်းနေကြပါတယ်။
ဒုက္ခသည်အများစုဟာ ဆီးရီးယားနိုင်ငံကဖြစ်ပြီ ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတဦးလည်း ပါဝင်တယ်လို့ ပြောပါတယ်။
ဒုက္ခသည်တဦးက အရေးပေါ်အချက်ပြခလုပ်ကို နှိပ်လိုက်တာဖြစ်နိုင်ပြီး ဒုက္ခသည်တွေဟာ အစားအစာနဲ့ စောင်တွေ အရေးတကြီးလိုအပ်နေကြတယ်လို့လည်း အာဏာပိုင်တွေက ပြောဆိုပါတယ်။
ကုန်တင်သင်္ဘောဟာ အလိုအလျောက် ခုတ်မောင်းနေတာဖြစ်လို့ အီတလီရေတပ်ကသာ သွားရောက်မကယ်ဆယ်ရင် သင်္ဘောဟာ ကမ်းကို ၀င်တိုက်မိမှာလို့လည်း ကမ်းခြေစောင့်တပ် ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။