ညောင်ရွှေတွင် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ကန့်ကွက်ဆန္ဒပြ
နန်းမြနဒီ
·
January 1, 2015
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာ ဒီမနက်ပိုင်း ဒေသခံ ၃၇၂၆ ယောက် ကန့်ကွက်ဆန္ဒပြ ကြတယ်လို့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြပါတယ်။
[caption id="attachment_75730" align="alignright" width="431"] ဓာတ်ပုံ - MOI[/caption]
ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် အောင်မြင်အောင် အစိုးရ ဆောင်ရွက်ဖို့၊ နိုင်ငံနဲ့ ပြည်သူလူထု လူမှုစီးပွားဘ၀ တိုးတက်ရေးကို အစိုးရ ဆောင်ရွက်ဖို့၊ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု မဖြစ်နိုင်တာကို အစိုးရက အလေးအနက်စဉ်းစားဖို့၊ ဖွဲ့စည်းပုံပြင်ရေးနဲ့ နိုင်ငံရေးဖြစ်စဉ်မှာ တိုင်းရင်းသား အားလုံးပါခွင့်ရအောင် အစိုးရက ဆောင်ရွက်ပေးဖို့ စတာတွေကို အင်းတိုင်းရင်းသားတွေက တောင်းဆိုခဲ့ကြတယ်လို့ ရေးသားပါတယ်။
လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့တုန်းကလည်း ပလောင်၊ ဓနုနဲ့ ပအို့ဝ်တိုင်းရင်းသားတွေ ဟာလည်း ဒီတောင်းဆိုချက် ၅ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ညောင်ရွှေမြို့က အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က “ဒီကနေ့ ဆန္ဒထုတ်ဖော်တဲ့ ကိစ္စကတော့ ကျနော်တို့ အင်းတိုင်းရင်းသားပါတီနဲ့ လုံးဝမသက်ဆိုင်ပါဘူးခင်ဗျာ။ အင်းသားလူမျိုးတွေလည်း အနည်းအကျဉ်းဘဲ ပါပါတယ်။ တောင်းဆိုချက်ကတော့ ၆ ချက် ရှိတယ်တဲ့ ခင်ဗျ။ မဆိုးပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ အလိုမရှိဆိုတဲ့ဟာက ကျနော်တို့သဘောထားနဲ့ မတူဘူး။ ကျနော်တို့ အင်းတိုင်းရင်းသား ပါတီမှာ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိတယ်။ ကျနော်တို့ ဆန္ဒတွေ တောင်းဆိုချက်တွေကို လွှတ်တော်ကနေ ပြောလို့လည်း ရတာပဲ” လို့ ပြောပါတယ်။
၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာပြုလုပ်ဖို့ အရေးကြီးအဆိုကို ကန့်ကွက်သူမရှိ အတည်ပြု ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ဖြစ်ပါတယ်။
၆ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ပါဝင်ဖို့ ကျန် ၄ ပွင့်က လိုလားကြောင်း ထုတ်ဖော်ပြောဆိုကြ ပေမယ့် သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ သဘောထားကို တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်က ၄ ပွင့်ဆိုင်ဆွေးနွေးဖို့တောင်းဆိုပြီးနောက် အစိုးရက ၁၄ ပွင့်ဆိုင် ဆွေးနွေးပွဲပုံစံ ဖိတ်ကြားခဲ့သလို ပြည်ထောင်စုလွှတ်တော်မှာ အာဏာရပါတီရဲ့ အ မတ်တဦးက ခြောက်ပွင့်ဆိုင်ဆွေးနွေးဖို့ တင်ပြအတည်ပြုခဲ့တာပါ။ ဒီနောက် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်က ၁၂ ပွင့်ဆိုင်ဆွေးနွေးဖို့ တိုက်တွန်းဆုံးဖြတ်ထားပါတယ်။