မလေးရှားနိုင်ငံ ဖဟန်း၊ ကီလန်တန်နဲ့ တေရန်ငါနူဒေသတွေက အဆိုးရွားဆုံးရေကြီးမှုက လျော့ကျသွားပြီ ဖြစ်ပေမယ့် ပိုခက်ခဲမှုတွေကို ရင်ဆိုင်ရဆဲလို့ မိုးလေဝသပညာရှင်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က သတိပေးလိုက်ပါတယ်။
[caption id="attachment_75607" align="alignright" width="420"]

ဓာတ်ပုံ - အေအက်ဖ်ပီ[/caption]
ဆယ်စုနှစ်တခုကျော်ကာလအတွင်း အဆိုးဆုံး ရေလွှမ်းမိုးမှုကြောင့် ကီလန်တန်မှာ ၉ ယောက်၊ ဖဟန်းမှာ ၃ ယောက်နဲ့ တေရန်ငါနူမှာ ၂ ယောက် စုစုပေါင်း လူ ၁၄ ယောက် သေဆုံးပြီး ထောင်နဲ့ချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရတယ်လို့ မလေးရှား ကပ်ဘေး စီမံခန့်ခွဲရေးနဲ့ လုံခြုံရေးကောင်စီ(အန်အက်စ်စီ)က ဖြန့်ချိတဲ့ သတင်းအချက်အလက်တွေက ဆိုပါတယ်။
ဒေသ ၃ ခုက လူပေါင်း ၂ သိန်း ၃ သောင်းကျော်ကို နေရာရွှေ့ပေးခဲ့ရတယ်လို့ အန်အက်စ်စီက ပြောပါတယ်။
မိုးက ဒီဇင်ဘာ ၃၁ ရက် ဒီနေ့အထိ ဆက်ရွာဖို့ မျှော်လင့်ရတယ်လို့ ဒေသခံ မီဒီယာက ဆိုပါတယ်။
ကွာလာကရိုင်နဲ့ ကိုတာဘာရူဒေသတွေမှာ ရေကြီးမှု လျော့ကျတဲ့ လက္ခဏာတွေကို မြင်ရပါတယ်။
ရေကြီးမှုကြောင့် ကုန်းလမ်းက သုံးမရ ဖြစ်ခဲ့လို့ သောင်တင်နေတဲ့ လူတွေကို ကယ်ဖို့ ကယ်ဆယ်ရေးပစည်းတွေကို လေကြောင်းကနေ ပို့နေရပါတယ်။
လူအများအပြားကတော့ အစိုးရက ထောက်ပံ့ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ စောင့်နေရတာပါ။
မလေးရှားအရှေ့မြောက်ပိုင်းနဲ့ ထိုင်းတောင်ပိုင်းတွေဟာ နှစ်စဉ် အရှေ့မြောက် မုတ်သုံရာသီအတွင်း ရေကြီးမှုတွေကို ပုံမှန်ခံစားနေကျ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မိုးကတော့ သည်းထန်ပါတယ်။