ဆီယာလီယွန်နိုင်ငံကနေ စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့ကို ပြန်လာတဲ့ အီဘိုလာကုသရေး ဆေးဝန်ထမ်းတဦး ရောဂါကူးစက်ခံလာရတယ်လို့ စကော့တလန်အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က အတည်ပြုပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့ ညက ဂလက်စဂိုမြို့ကို ဆိုက်ရောက်လာပြီး ရောဂါကူးစက်ခံမှန်း သိသိချင်းပဲ ဂတ်တ်နာဗယ်လ် ဆေးရုံမှာ သီးသန့် တင်ပို့ကုသပါတယ်။

လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ်ကနေ ဂလက်စဂိုမြို့ လေဆိပ်အထိ လေယာဉ်ခရီးစဉ် အတွင်း ကူးစက်ခံရနိုင်မှု အခြေအနေတွေကို သတိပေးထားပြီး ဖြစ်တယ်လို့ စကော့တလန် ၀န်ကြီးချုပ် နီကိုလာ စတောဂျီယွန်က ပြောကြားပါတယ်။
အီဘိုလာရောဂါရှင်အမျိုးသမီးဟာ ရောဂါလက္ခဏာ ပြသခြင်းလည်း မရှိသေးသလို တခြားလူတွေကို ကူးစက်ဖို့ အခွင့်အရေးလည်း အလွန်ကို နည်းပါးတယ်လို့လည်း စကော့တလန် ပြည်သူတွေကို အလေးအနက်ထား ပြောဆိုခဲ့ပါတယ်။
သူအရင် ဗြိတိန်နိုင်ငံသား အီဘိုလာရောဂါသည် ၀ီလီယံ ပိုးလေ ကို ကုသ ပျောက်ကင်းခဲ့တဲ့ လန်ဒန်မြောက်ပိုင်းက တော်ဝင်အခမဲ့ ဆေးရုံကို အမြန်ဆုံး တင်ပို့မယ်လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီး ဂျရမီး ဟန့်တ်ကတော့ ဗြိတိန်နိုင်ငံမှာ အီဘိုလာရောဂါနဲ့ မကူးစက်မပျံ့နှံ့အောင် လုပ်ဆောင်စရာရှိတာအားလုံး အတိအကျ လုပ်ဆောင်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ဆီယာလီယွန်နိုင်ငံမှာ သွားရောက်တာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန်ကျန်းမာရေး ၀န်ထမ်းတွေ အားလုံးလည်း ရောဂါအကာအကွယ်ယူရေးစနစ်တွေကိုလည်း အတိအကျ လိုက်နာဖို့ ညွန်ကြားထားတယ်လို့လည်း ပြောဆိုခဲ့တာပါ။
ရောဂါကူးစက်ခံရတဲ့ စကော့ဆေးဝန်ထမ်းဟာ Save the Children အဖွဲ့အစည်းနဲ့ ဆီယာလီယွန်နိုင်ငံက အီဘိုလာကုသရေးစင်တာတခုမှာ သွားရောက် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။