တရုတ်နိုင်ငံရှိ ရှင်းကျန်းမြို့ကို ဖြတ်သန်းပြီး ဟောင်ကောင်-ကွမ်ကျိုးမြို့ ၂ ခုကို ဆက်သွယ်ပေးမယ့် ဘူတာ တည်ဆောက်နေပါတယ်။ ဒီဘူတာဟာ ကြမ်းခင်းအကျယ် ဧရိယာစတုရန်းမီတာ ၁ သိန်း ၄ သောင်း ရှိပြီး အာရှရဲ့ အကြီးဆုံး မြေအောက် မြန်နှုန်းမြင့်ရထား ဘူတာဖြစ်လာမှာပါ။

မြန်နှုန်းမြင့်ရထား၊ မြေအောက်ရထား၊ ဘတ်စ်ကားနဲ့ တက္ကစီတွေကိုသုံးတဲ့ ခရီးသည်တွေ အတွက် ခရီးစဉ်ပြောင်းတဲ့ အချက်အချာနေရာဖြစ်အောင် ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားပါတယ်။
အရေးပေါ်မီးဘေးထွက်ပေါက် ၁၂ ခုနဲ့ မီးတားဇုန် ၄၉ ခုပါအောင် ပုံစံထုတ် ရေးဆွဲ ထားတယ်လို့ တရုတ်ရထားလမ်းအမှတ် ၁၅ ဗျူရိုအုပ်စုကုမ္ပဏီက တာဝန်ခံအင်ဂျင်နီယာ တုံ့ကျည်းက ပြောပါတယ်။
ဒါ့အပြင် ပီကင်း-ဟောင်ကောင် မြန်နှုန်းမြင့် မီးရထားလမ်း ဖြတ်သန်းသွားမယ့် အရှည် ၆.၂၃၆ ကီလိုမီတာ ရှိတဲ့ ရှင်းကျန်းရိထျန်ဥမင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ မနက်မှာ ပြီးစီးခဲ့ပါတယ်။
ဒါကြောင့် ပီကင်းရှီဘူတာကနေ ဟောင်ကောင်ရဲ့ အနောက်ကျော်လုံးဘူတာကို ချိတ်ဆက်ထားတဲ့ မြန်နှုန်းမြင့် ရထားလမ်းရဲ့ ကုန်းပိုင်း ဆောက်လုပ်ရေး အပိုင်းက ပြီးစီးခဲ့ပါပြီ။
ပီကင်း-ကွမ်ကျိုး မြန်နှုန်းမြင့်ရထားလမ်းက ၂၀၁၂ ဒီဇင်ဘာတည်းက စတင်ပြေးဆွဲနေပြီး တိုးချဲ့ လမ်းပိုင်းဖြစ်တဲ့ ကွမ်ကျိုး-ကျော်လုံ ရထားလမ်းပိုင်းကတော့ ၂၀၁၇ ခုနှစ်မှာ စတင် ပြေးဆွဲနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
မြေအောက် မီတာ ၇၀ အနက်အထိရောက်တဲ့ ဥမင်က ၁၄.၁၈ မီတာ ကျယ်ပြီး ၁၂.၁၃ မီတာ မြင့်ပါတယ်။
တရုတ်ပြည်မကြီးကမြို့တွေနဲ့ ဟောင်ကောင်ကြား ရထားစီးသွားရတဲ့ ခရီးသည်တွေ အတွက် အနည်းဆုံး အချိန်တဝက် အကုန်သက်သာဖို့ ဒီစီမံကိန်းက မျှော်လင့်ထားပါတယ်။