မီးလောင်နေသည့် ဖယ်ရီသင်္ဘောက ခရီးသည် ၆၉ ဦးကို ကယ်တင်

900
ဂရိနိုင်ငံရဲ့ ကမ်းလွန်မှာ မီးလောင်ခဲ့တဲ့ ခရီးသည်တင် ဖယ်ရီသင်္ဘောက ခရီးသည် ၆၉ ယောက်ကို ဒီဇင်ဘာ ၂၉ ရက်နေ့က ဘေးကင်းကင်းနဲ့ ကယ်တင်ခေါ်လာနိုင်ခဲ့ပါတယ်။
ခရီးသည်အများစုက ဂရိလူမျိုးတွေလို့ သင်္ဘောသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ခရီးသည်တွေထဲမှာ ဒဏ်ရာပြင်းထန်သူ ဘယ်လောက်ပါသလဲဆိုတဲ့ အစီရင်ခံမှုတော့ မရှိပါဘူး။
ကယ်ဆယ်ရေးသင်္ဘောက ဆိပ်ကမ်းကို ဆိုက်ချိန်မှာ ရဲ၊ ဆေးရုံအရာရှိတွေနဲ့ လူနာတင်ကားတွေက ခရီးသည်တွေကို ကြိုဖို့ စောင့်နေခဲ့ပါတယ်။
ဝန်ထမ်းနဲ့ ခရီးသည် ၄၇၈ ယောက်နဲ့ ကားစီးရေး ၂၀၀ ကျော် တင်လာတဲ့ နော်မန် အတ္တလန်တစ် ခရီးသည်တင်သင်္ဘောဟာ ကားထားရာ ကုန်းပတ်ပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့အစောပိုင်းက မီးလောင်ခဲ့တာပါ။
သင်္ဘောက ဂရိနဲ့ အီတလီနိုင်ငံကြား လှိုင်းကြမ်းတဲ့ ပင်လယ်ပြင်မှာ မျောပါနေခဲ့လို့ ဒီဇင်ဘာ ၂၈ ရက်နေ့ မွန်းလွဲပိုင်းကနေ ညလုံးပေါက်ထိ ဂရိနဲ့ အီတလီ ရဟတ်ယာဉ်တွေက ကုန်းပတ်အပေါ်ပိုင်းက ခရီးသည်တွေကို လေကြောင်းကနေ ကယ်ထုတ်ခဲ့ပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြီးဆုံးခဲ့ပေမယ့် လူ ၈ ယောက် သေဆုံးတယ်လို့ အီတလီကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ ခရီးသည်အများစုက ဂရိနိုင်ငံသားတွေ ဖြစ်ကြပြီး အီတလီ၊ တူရကီနဲ့ အယ်ဘေးနီးယားနိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။
အီတလီနဲ့ အယ်ဘေးနီးယားနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေလည်း ပူးပေါင်းပါတယ်။ ရာနဲ့ချီတဲ့ ဂရိကျွန်းတွေကို ဆက်သွယ်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ သွားလာဖို့ ဒီဖယ်ရီသင်္ဘော တွေကိုပဲ အဓိက အသုံးပြုနေရတာလို့လည်း သိရပါတယ်။