လန်ဒန်ကနေ အမေရိကန် ပြည်ထောင်စု လားစ်ဗီးဂတ်စ်ကို ပျံသန်းတဲ့ ဗာဂျင် အတ္တလန်တစ် ခရီးသည်တင်လေယာဉ်တစီးဟာ အင်္ဂလန် လေကြောင်းပိုင်နက်ကို မဖြတ်ကျော်ရသေးခင်မှာပဲ အဆင်းဂီယာတခု စက်ပိုင်းဆိုင်ရာ ပြဿ နာပေါ်ပေါက်လာလို့ လန်ဒန် ဂတ်ဝစ်လေဆိပ်ကို ဒီဇင်ဘာ ၂၉ ရက်နေ့က လှည့်ပြန်ခဲ့ရပါတယ်။

စက်ပိုင်းဆိုင်ရာ ပြသနာရှိနေတဲ့ လေယာဉ်ကို ပုံမှန်မဟုတ်တဲ့ အရေးပေါ်ဆင်းသက်မှုမျိုးနဲ့ ဆင်းသက်ရမှာမို့ ဗြိတိန် တောင်ဘက်ကမ်းခြေဘက်မှာ လေထဲလှည့်ပတ်ရင်းနဲ့ လေယာဉ်ဆီ ကုန်တဲ့အထိ နာရီအတော်ကြာ ၀ဲပျံခဲ့ရပြီး ဂတ်ဝစ်ခ် လေဆိပ်ကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ဘေးကင်းကင်း ဆင်းသက်နိုင်ခဲ့ပါတယ်။
လေယာဉ်က ပြေးလမ်းကို တည်တည်ငြိမ်ငြိမ် ထိခိုက်ပျက်စီးမှုမရှိ ဆင်းသက်နိုင်ပုံကို ရုပ်သံတွေက ပြသခဲ့ပါတယ်။ ကုမ္ပဏီကလည်း ဗာဂျင်အတ်လန်တစ် ဟာ သူ့ရဲ့ လေယာဉ်ခရီးစဉ် VS43 ဘေးကင်းကင်းဆင်း သက်နိုင်ကြောင်း အတည်ပြုတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ထိပ်တန်းဦးစားပေးက ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေကို စောင့်ရှောက်ဖို့လို့တယ်လို့ ဆိုပါတယ်။
လေယာဉ်အဆင်းမှာ နည်းနည်းဆောင့်ပြီး ဆင်းသက်ခဲ့ပုံကို ရုပ်သံမှာ ပြသထားပါတယ်။ အရေးပေါ်ဝန်ဆောင်မှု ကားတွေ ဝန်းရံထားပါတယ်။ လေကြောင်းခရီးစဉ်တွေရဲ့ လမ်းကြောင်းကို ပြတဲ့
flighttrader24.com အင်တာနက် စာမျက်နှာကတော့ ဒီလေယာဉ်ဟာ ဘိုးရင်း ၇၄၇ လို့ ဖော်ပြပါတယ်။
လေယာဉ်ဟာ ဗြိတိန်နိုင်ငံ ဂတ်ဝစ်ခ်ကနေ အမေရိကန်နိုင်ငံ လပ်စ်ဗီးဂတ်စ်ကို သွားမယ့် ခရီးစဉ်အတွက် ဂတ်ဝစ်ခ်လေဆိပ်ကနေ ပျံတက်ပြီး ဗြိတိန်အနောက်ဘက် ကမ်းရိုးတန်းကို ဖြတ်အပြီး မကွေ့ခင်မှာ စက်ချို့ယွင်းခဲ့တာလို့ ဗာဂျင်ရဲ့ ကိုယ်ပိုင်အင်တာနက် စာမျက်နှာက ဖော်ပြပါတယ်။
ဗာဂျင် အတ္တလန်တစ်လေကြောင်းလိုင်းရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို တည်ထောင်သူ ဗြိတိန်ဘီလီယံနာ ရစ်ချတ် ဘရန်ဆန်က ပိုင်ပြီး ၄၉ ရာခိုင်နှုန်းကိုတော့ အမေရိကန် ဒယ်လ်တာ လေကြောင်းလိုင်းက ပိုင်ပါတယ်။