A d v e r t i s e m e n t With Us

လက်ပံတောင်းသပိတ်စခန်း ဖယ်ရှားပေးရန် အာဏာပိုင်များ အမိန့်ပေး

လက်ပံတောင်းတောင်ဒေသ ဆည်တည်းရွာ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဝမ်ပေါင်ကုမ္ပဏီက သံဆူးကြိုးတွေချပြီး ခတ်ထားခဲ့တဲ့ ခြံစည်းရိုးတွေကို ရွာသားတွေက မနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖျက်ပြီး သပိတ်စခန်းဖွင့်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။ အဲဒီသပိတ်စခန်းကို “မြေယာပြန်လည်ရရှိရေစခန်း” ဆိုပြီး တောင်သူ ၁၀၀ လောက်က အဲဒီစခန်းမှာ မြေယာပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေကြတာဖြစ်တယ်လို့ ဇီးတောကျေးရွာက ဦးစန္ဒာသီရိက မိန့်ပါတယ်။ ဒီမနက်ပိုင်းမှာတော့ အာဏာပိုင်တွေက အသံချဲ့စက်နဲ့ ရွာသားတွေကို ဖယ်ရှားပေးဖို့နဲ့ ခတ်ထားတဲ့ သံဆူးကြိုးတွေဆက်မဖျက်ဖို့ ပြောဆိုခဲ့တယ်လို့ မိန့်ပါတယ်။ LaPaDaung Protest 29122014“မတရားသိမ်းဆည်းခံထားရတဲ့လယ်ယာမြေစခန်းမှာ တောင်သူ အယောက် ၁၀၀ လောက် စောင့်ကြည့်နေကြတယ်။ အာဏာပိုင်ဖက် ကလည်း အခုနက စပီကာနဲ့ အော်သွားတာက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နေရာဖြစ်တယ်။ သံဆူးကြိုးတွေ ထပ်မံမဖျက်စီးဖို့၊ စီမံကိန်းလုပ်ငန်းကို မနှောင့်ယှက်ဖို့ မေတ္တာရပ်ခံပါသည်ဆိုပြီး အော်သွားတယ်။” လက်ရှိမှာလည်း ရဲတပ်ဖွဲ့အင်အား ၃၀၀ ခန့်ရှိနေပြီး တဖက်နဲ့တဖက် စောင့်ကြည့်နေတဲ့ အနေအထားရှိတယ်လို့လည်း ဦးစန္ဒာသီရိက မိန့်ပါတယ်။ လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီးတော့လည်း မနေ့ညက ရန်ကုန်မြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အပေါ် အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တောင်းဆို ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား  ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ တရုတ်သံရုံးဖက်ကတော့ လက်ပံတောင်းကြေးနီစီမံကိန်းဟာ တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဖြစ်ပြီး ဒီစီမံကိန်း ငြိမ်းအေးတဲ့ အခြေအနေမှ အစီအစဉ်တကျ ဆောင်ရွက်နိုင်ဖို့နဲ့ မည်သည့်အကြမ်းဖက်ကိုမဆို ကန့်ကွက်ကြောင်း မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒီကိစ္စကို မြန်မာအစိုးရက ထိရောက်စွာ စစ်ဆေးအဖြေထုတ်ဖို့လည်း မျှော်လင့်ကြောင်း ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up