“The Interview” ရုပ်ရှင် ၄ ရက်အတွင်း ဒေါ်လာ ၁၅ သန်းကျော် ၀င်ငွေရ

1.2K
ဆိုနီရုပ်ရှင်ကုမ္ပဏီရဲ့ အငြင်းပွားဖွယ်ရာ "The Interview" ရုပ်ရှင်ဟာ အင်တာနက်မှာ ပေါက်နေပြီး စတင်ပြသခဲ့တဲ့နေ့ကနေ ၄ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် ၀င်ငွေ ရရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့က အင်တာနက်မှာ စဖြန့်ခဲ့ပြီး ၂၇ ရက်နေ့အထိ အင်တာနက်ဒေါင်းလုပ်သူ ၂ သန်းကျော်ခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ကို လုပ်ကြံဖို့ ဇာတ်လမ်းဆင်ထားတဲ့ ဒီအမေရိကန်ရုပ်ရှင်ကို ပထမပိုင်းကတော့ ခြိမ်းခြောက်မှုတွေ၊ စိုးရိမ်မှုတွေနဲ့ မပြသဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။
မြောက်ကိုရီးယားနိုင်ငံကလည်း ဒေါသပေါက်ကွဲခဲ့ပြီး ဆိုနီရုပ်ရှင်ကွန်ပြူတာကွန်ရက်တွေ ထိုးဖောက်ခံရမှုတွေ ဖြစ်ခဲ့ပါတယ်။
“ငြိမ်းချမ်းရေးထိန်းသိမ်းသူများ”ဆိုတဲ့ ကွန်ပြူတာထိုးဖောက်သူအဖွဲ့က ဆိုနီရုပ်ရှင်ရဲ့ လျို့ဝှက်အချက်အလက်တွေကို ရယူသွားခဲ့ပြီး နောက်ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားတွေရဲ့ ဇာတ်ညွန်းတွေ၊ အရေးကြီးစာဆက်သွယ်ပေးပို့မှုတွေ၊ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေရဲ့ လစာငွေ အသေးစိတ်တွေလည်း ပေါက်ကြားခဲ့ပါတယ်။
ဒီထိုးဖောက်မှုကို မြောက်ကိုရီးယားနိုင်ငံက နောက်ကွယ်က ကြိုးကိုင်တဲ့ စွပ်စွဲမှုကို ငြင်းဆိုခဲ့ပေမယ့် မှန်ကန်တဲ့လုပ်ရပ် ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောဆိုခဲ့တာပါ။
"The Interview" ရုပ်ရှင်ကို အမေရိကန်ရုပ်ရှင်ရုံတွေမှာ အကန့်အသတ်နဲ့ ပြသနေပြီး ရုပ်ရှင်ကြည့် ပရိသတ်တော်တော်များတယ်လို့လည်း သိရပါတယ်။
ဆိုနီကုမ္ပဏီက ဒီရုပ်ရှင်ကို မပြသဖို့ ပထမပိုင်းက ဆုံးဖြတ်ခဲ့တာကြောင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို ထိခိုက်တယ်ဆိုပြီး အမေရိကန်သမ္မတအပါအ၀င် ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။