အာဖဂန်ရှိ နေတိုးတပ်ဖွဲ့ စစ်ဆင်ရေးများ တရားဝင်အဆုံးသတ်မည်

987
၂၀၀၁ ခုနှစ်က တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံမှာ ၁၃ နှစ်ကြာ တပ်စွဲခဲ့တဲ့ နေတိုးတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က စစ်ဆင်ရေးတာဝန်တွေကို တရားဝင် အဆုံးသတ်လိုက်ပါတယ်။
လာမယ့် ၂ နှစ်အတွင်း တိုက်ခိုက်ရေးတာဝန်တချို့ ဆက်ယူမှာ ဖြစ်ပေမယ့် လက်ကျန် နေတိုးတပ်ဖွဲ့တွေရဲ့ အဓိကတာဝန်ကတော့ အာဖဂန်တပ်တွေကို လေ့ကျင့် သင်တန်းပေးရေးပဲ ဖြစ်ပါတယ်။
အခုနှစ်ကုန်မှာ နိုင်ငံတကာတပ်တွေအများစု ပြန်ရုပ်သိမ်းတော့မယ့်အချိန်မှာ တာလီဘန် အကြမ်းဖက်တိုက်ခိုက်မှုတွေက အရှိန်ပြန်မြှင့်လာခဲ့ပြီး ဒီတပ်ရုပ်သိမ်းရေးအခမ်းအနားကိုလည်း လုံခြုံရေးကြောင့် နောက်ဆုံးအချိန်အထိ အချိန်ဆွဲခဲ့တာပါ။
နိုင်ငံတကာတပ်ဖွဲ့တွေအများစု ပြန်ရုပ်သိမ်းတဲ့ ၂၀၁၄ ခုနှစ်မှာ အာဖဂန် သမ္မတသစ်တဦးက အာဏာလွှဲပြောင်းရယူချိန်နဲ့လည်း ဖြစ်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၀၈၀၀ လောက်ကို ၂၀၁၅ နှစ်ဦးပိုင်းလတွေမှာ ဆက်ထားဖို့ အမေရိကန်နိုင်ငံက အခုလအစောပိုင်းက ကြေညာခဲ့ပါတယ်။
အာဖဂန်နစ္စတန်မှာ တပ်စွဲခဲ့တဲ့ ၁၃ နှစ်တာကာလအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အခုနှစ်အတွင်း အာဖဂန်အရပ်သား အနည်းဆုံး ၃၁၈၈ ဦး သေဆုံးခဲ့ပြီး မနှစ်ကထက် ၂၀ ရာခိုင်နှုန်း ၂၀၀၉ ခုနှစ်ကစပြီး အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
တာလီဘန်အကြမ်းဖက်တွေ သေဆုံးမှုကတော့ အတိအကျ မသိရပေမယ့် သုံးသပ် ခန့်မှန်းမှုတွေအရ တာလီဘန် ၂ သောင်းကနေ ၃ သောင်းခွဲအတွင်း သတ်ဖြတ်ခံခဲ့တယ်လို့ ဆိုပါတယ်။