အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ်မှာ ကြက်ငှက်တုပ်ကွေး မျိုးဗီဇ ၂ မျိုးကို တွေ့ရှိရတယ်လို့ အမေရိကန်ဇီဝဗေဒပညာရှင်တဦးက ပြောဆိုပါတယ်။

ဒီ ကြက်ငှက်တုပ်ကွေးမျိုးဗီဇတွေကို တွေ့ရှိခဲ့တဲ့အကြောင်းကိုလည်း အမေရိကန် စိုက်ပျိုးရေးအာဏာပိုင်တွေကလည်း အခုလ အစောပိုင်းက အတည်ပြုထားပါတယ်။
လူတွေအတွက်တော့ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေမရှိသေးဘူးလို့လည်း ပြောဆို ထားပါတယ်။
ဒီ ကြက်ငှက်တုပ်ကွေး မျိုးဗီဇတခုနဲ့ ကနေဒါနိုင်ငံမှာ ကြက်ထောင်ချီသေဆုံးခဲ့သေးပေမယ့် အမေရိကန်နိုင်ငံမှာတော့ မတွေ့ရသေးပါဘူး။
ကြက်တွေသာ သေခဲ့ပေမယ့် လူတွေကို ကူးစက်ဖြစ်ပွားမှုတော့ မရှိသေးပါဘူးလို့လည်း အမေရိကန်စိုက်ပျိုးရေးဌာနက ကြေညာပါတယ်။
ဒါပေမယ့် ၀ါရှင်တန်ပြည်နယ်က ဇီဝဗေဒပညာရှင် တဦးကတော့ အချိန်မရွေး လူတွေကို ကူးစက်တဲ့ရောဂါမျိုး ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘဲအသေကောင်ရေ ၁၂၀ လောက်ကို စစ်ဆေးကြည့်တာမှာတော့ ကြက်ငှက်တုပ်ကွေးကြောင့် မဟုတ်ပဲ အများစုဟာ မှိုရောဂါတမျိုးကြောင့် သေဆုံးခဲ့တာကိုလည်း ပြောဆိုခဲ့ပါတယ်။
၂၀၀၄ ခုနှစ်က တက်ဆက်ပြည်နယ်က ကြက်ခြံတွေမှာ H5N2 ဗိုင်းရပ် ကူးစက်ပျံ့ပွားခဲ့ဖူးပြီး လူတွေကို ကူးစက်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။
ကြက်ငှက်တုပ်ကွေးဟာ ၂၀၀၃ ခုနှစ်က အာရှတိုက်မှာ ဖြစ်ပွားခဲ့ပြီး လူတွေကိုလည်း အလွယ်တကူ ကူးစက်ခဲ့တာကြောင့် စိုးရိမ်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါသေးတယ်။