ယူကရိန်းအာဏာပိုင်တွေနဲ့ ယူကရိန်းသူပုန်တွေ နှစ်ဖက်စစ်သုံ့ပန်းတွေ လဲလှယ်နေပြီလို့ ယူကရိန်းသမ္မတရုံးပြောခွင့်ရက ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခတွေကို အဆုံးသတ်ရေး အချက် ၁၂ ချက်ပါအစီအစဉ်အရ အခုလို လဲလှယ်ခဲ့တာလို့ ပြောပါတယ်။
[caption id="attachment_75354" align="alignright" width="462"]

ယူကရိန်းအစိုးရနှင့် သူပုန်အဖွဲ့တို့ စစ်သုံ့ပန်း လဲလှယ်နေစဉ် (ဓာတ်ပုံ - ရိုက်တာ)[/caption]
အဖြေမထွက်ပဲ ပြီးဆုံးခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး နောက်တရက်မှာ အခုလို စစ်သုံ့ပန်း ဖလှယ်ရေးဖြစ်လာခဲ့ပြီး ယူကရိန်းစစ်သုံ့ပန်း ၁၅၀ နဲ့ သူပုန်စစ်သုံ့ပန်း ၂၂၂ ဦးတို့ကို လဲလှယ်ခဲ့တာပါ။
၂ ဖက်စလုံးမှာ စစ်သုံးပန်းဘယ်နှဦး ဖမ်းဆီးခံထားတယ်ဆိုတာကို အတိအကျ မသိရပေမယ့် ယူကရိန်းစစ်သုံ့ပန်း ၆ ရာလောက် ဖမ်းဆီးခံထားရတယ်လို့ ယူကရိန်းစစ်တပ်က အခုလထဲမှာပဲ ပြောပါတယ်။
ဘယ်လာရုဒ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နှစ်ဖက်ကိုယ်စားလှယ်တွေ စကားများခဲ့ကြတယ်လို့ ဘယ်လာရုဒ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြောဆိုပါတယ်။ အဲ့ဒီဆွေးနွေးပွဲဟာလည်း ယူကရိန်းနိုင်ငံရဲ့ ကြားနေနိုင်ငံ မူဝါဒကို ဖယ်ရှားလိုက်ပြီး နောက်တရက်မှာ ကျင်းပခဲ့တာပါ။ ဆွေးနွေးပွဲ အချက် ၄ ချက်မှာ အခုစစ်သုံ့ပန်းဖလှယ်ရေးအချက် တချက်ပဲ ဆွေးနွေးသဘောတူနိုင်ခဲ့တာပါ။
လွန်ခဲ့တဲ့ ၄ လလောက်က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပေမယ့် ဘယ်ဖက်ကမှ တိတိကျကျလိုက်နာခဲ့ခြင်းမရှိကြပဲ အပစ်အခတ်ရပ်စဲရေးသဘောတူပြီးမှ သေဆုံးခဲ့တဲ့ အရပ်သားစစ်သား ၁၃၀၀ ကျော်ရှိပါတယ်။
ကီလိုမီတာ ၃၀ အကျယ် စစ်မဲ့ဇုန် သတ်မှတ်ရေးအတွက် နှစ်ဖက်တင့်ကားတွေကို ဆုတ်ပေးဖို့ကိစ္စမှာ နှစ်ဖက်ဘယ်လိုမှ ညှိလို့ မရဖြစ်နေတယ်လို့ သိရပါတယ်။
အခုနောက်ဆုံးဆွေးနွေးပွဲမှာ သူပုန်တွေဖက်က စိတ်ဝင်စားတာက ယူကရိန်းအရှေ့ပိုင်းမှာ ရုပ်သိမ်းခံရတဲ့ အစိုးရလူမှုဖူလုံရေး အစီအစဉ်တွေကို ယူကရိန်းအစိုးရက ပြန်ပေးဖို့ ဖြစ်ပါတယ်။
အခုဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ယူကရိန်းသူပုန်တွေကို ရုရှားက ထောက်ခံအားပေးနေတယ် လို့ ယူကရိန်းနိုင်ငံက စွပ်စွဲထားပြီး ရုရှားကတော့ ငြင်းဆိုထားပါတယ်။