အခုနှစ် ခရစ္စမတ်ကာလအတွင်း ဥရောပကို ၀င်ရောက်ဖို့ ကြိုးစားသူ ၁၂၅၀ လောက်ကို မြေထဲပင်လယ်ထဲကနေ ကယ်တင်ခဲ့ရတယ်လို့ အီတလီအာဏာပိုင်တွေက ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြောကြားပါတယ်။

မြောက်အာဖရိကနဲ့ စစ္စလီကျွန်းကြား ပင်လယ်ပြင်မှာ အီတလီနဲ့ တခြားဥရောပနိုင်ငံ ရေတပ်တွေက နေရာ ၄ နေရာမှာ ကယ်ဆယ်ခဲ့ပြီး အားလုံးကို စစ္စလီကျွန်းကို ခေါ်ယူခဲ့တယ်လို့ အီတလီရေတပ်က ဆိုပါတယ်။ လူ ၅ ဦး သေဆုံးခဲ့ပြီး ဘယ်လိုကြောင့် သေဆုံးတယ်တော့ အတိအကျမသိရပါဘူး။
အီတလီရေတပ်ဗိုလ်ချုပ်ကြီး ပေါ်လို ရဘူဖို က ကယ်ဆယ်ခဲ့သူတွေအားလုံး အခြေအနေ ကောင်းမွန်ပြီး ခရစ္စမတ်နေ့မှာ နိုင်ဂျီးရီးယားကိုယ်ဝန်ဆောင်တဦး ကယ်ဆယ်ရေးသင်္ဘောပေါ်မှာ သားယောင်္ကျားလေးတဦး မီးဖွားခဲ့တယ်လို့ ပြောဆိုပါတယ်။
ဒီလှေငယ်တွေဟာ လစ်ဗျားနိုင်ငံက ထွက်ခွာခဲ့ကြတာဖြစ်ပြီး လူအများစုဟာလည်း အာဖရိက အလယ်ပိုင်းနိုင်ငံတွေက ဖြစ်တယ်လို့လည်း ပြောပါတယ်။
အခုနှစ်အတွင်း ဥရောပတိုက်ကို တရားမ၀င် ၀င်ရောက်ဖို့ ကြိုးစားသူ ၃၂၀၀ ကျော် ရေလမ်းတ၀က်မှာ သေဆုံးခဲ့ကြတယ်လို့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM က ပြောဆိုပါတယ်။