ပြီးခဲ့တဲ့တပတ်က လူ ၁၅၀ သေဆုံးခဲ့ရတဲ့ ပတ်ရှဝါမြို့ စာသင်ကျောင်းတိုက်ခိုက်မှုကို စီစဉ်ခဲ့တယ်လို့ သံသယရှိတဲ့ တာလီဘန်ခေါင်းဆောင်တဦးကို ပါကစ္စတန်လုံခြုံရေးတွေက ဒီဇင်ဘာလ ၂၆ ရက်နေ့က ပစ်သတ်လိုက်ပါတယ်။
[caption id="attachment_75335" align="alignright" width="482"]

ဒီဇင်ဘာ ၁၆ ရက်နေ့က ပတ်ရှဝါမြို့ စာသင်ကျောင်းတိုက်ခိုက်ခံရစဉ်[/caption]
ပက်ရှဝါမြို့နဲ့ကပ်ရက် ကီဘားဒေသမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ တာလီဘန်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တာလို့ ကီဘားဒေသထိပ်တန်းအာဏာပိုင် ရှာဘတ် အလီ ရှာ က သတင်းထောက်တွေကို ပြောပါတယ်။
သေဆုံးခဲ့တဲ့ တာလီဘန်ခေါင်းဆောင်ဟာ ဆတ်ဒမ် ဆိုသူဖြစ်ပြီး တာလီဘန်ရဲ့ တိုက်ခိုက်ရေး တပ်မှူးတဦးဖြစ်ပါတယ်။ အရင်ကလည်း ကျောင်းတွေကို သူ့လူတွေက တိုက်ခိုက်ခဲ့ဖူးလို့ ပက်ရှဝါကျောင်းကို တိုက်ခိုက်ခဲ့တာလို့ အာဏာပိုင်တွေက ယုံကြည်နေကြတာပါ။
သူ့နောက်လိုက် ၆ ဦးလည်း ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိခဲ့ပြီး ခိုင်ခိုင်မာမာသိရဖို့ စစ်ကြောနေတယ်လို့လည်း ကီဘာဒေသ အရာရှိ ရှာ က ပြောဆိုပါတယ်။
လတ်တလော တိုက်ခိုက်မှုတွေကို ဆတ်ဒန် ရဲ့ နောက်လိုက်တွေက တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပါကစ္စတန်လုံခြုံရေးအတော်များများ အထိနာခဲ့တယ်လို့လည်း သတင်းထောက်တွေကို ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကစပြီး မြောက် ၀ါဇီရစ္စတန်မှာ ပါကစ္စတန်စစ်တပ် အကြမ်းဖက်စစ်ဆင်ရေး လုပ်ခဲ့တာကြောင့် တာလီဘန်နဲ့ တခြားအကြမ်းဖက်တပ်ဖွဲ့တွေ ကီဘားဒေသမှာ ပြောင်းရွှေ့ လာကြတာပါ။
မြောက် ၀ါဇီရစ္စတန် ပြည်နယ်ဟာ ၂၀၀၀ ခုနှစ်တွေအတွင်း တာလီဘန်နဲ့ အယ်ကိုင်ဒါတပ်ဖွဲ့တွေရဲ့ အမာခံဒေသဖြစ်ခဲ့ပါတယ်။ ပက်ရှဝါစာသင်ကျောင်း အကြမ်းဖက်ခံရမှု အပြီး ပါကစ္စတန်အစိုးရဟာ အကြမ်းဖက်စစ်ဆင်ရေး အရှိန်မြှင့်လိုက်ခဲ့ပြီး ၆ နှစ်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ သေဒဏ်ကို ပြန်လည်ပြဋ္ဌာန်းလိုက်ပါတယ်။
အကြမ်းဖက်မှုနဲ့ ဖမ်းဆီးခံရသူတွေကို စစ်ခုံရုံးတင်ပြီး အမြန်ဆုံး တရားစီရင်တော့မှာလည်း ဖြစ်ပါတယ်။ လာမယ့်ရက်သတ္တပတ်တွေအတွင်း အကြမ်းဖက် အယောက် ၅၀၀ လောက် ကွပ်မျက်ခံရမယ်လို့လည်း ပါကစ္စတန်အာဏာပိုင်တွေက ဒီဇင်ဘာလ ၂၂ ၇က်နေ့က ပြောဆိုခဲ့ပါတယ်။