လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်ကို တရားရုံးမှာ အမှု ရင်ဆိုင်နေရတဲ့ မက္ကဆီကန် လူမျိုး ဂျပန်ဘောလုံးအသင်း နည်းပြက စွပ်စွဲချက်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ငြင်းဆန်လိုက်ပါတယ်။

ဂျပန် ဘောလုံးအဖွဲ့ချုပ်မှာ ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဟာဗီယာ အာဂီးရီးက စွပ်စွဲချက်တွေကို ငြင်းဆန်လိုက်ပြီး အမှုပြီးဆုံးတဲ့အထိ စပိန်အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ သူ့ကို ထောက်ခံသူတွေအားလုံးလည်း စိတ်အေးအေးရှိကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လောလောဆယ်မှာတော့ သူ့အနေနဲ့ သြစတြေးလျမှာ ရှေ့လ ကျင်းပမယ့် အာရှဖလား အတွက် ဂျပန်အသင်းကိုပဲ အကောင်းဆုံး ပြင်ဆင်ပေးနေတယ်လို့ ပြောပါတယ်။
စွပ်စွဲခံထားရတဲ့ အမှုနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးတဲ့အခါမှာတော့ တရားရုံးမှာပဲ အသေးစိတ် ဖြေဖို့အစီအစဉ် ရှိတယ်လို့ ပြောပါတယ်။ ဒီအမှုကြောင့် သူ့အလုပ်မှာ ထိခိုက်မှာ မဟုတ်ဘူးဆိုတာကို ရာနှုန်းပြည့် အာမခံပါတယ်လို့လည်း ပြောပါတယ်။
ဒီလို စွပ်စွဲခံရတဲ့ ကိစ္စမှာ နောက်ကွယ်က အကြောင်း ဘာရှိနိုင်သလဲဆိုတဲ့ မေးခွန်းကိုလည်း သူက ဘာမှ မသိလို့ အံ့သြမိတယ်လို့ ဖြေပါတယ်။
၂၀၁၀၊ ၂၀၁၁ ဘောလုံးရာသီမှာ ရီးရယ် ဇာရာဂိုဇာအသင်းကို အာရီးဂီက နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး လီဗန်တေး အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ ဘောလုံးပွဲရလဒ်ကို ကြိုတင်စည်းဝါး ရိုက်ထားတယ်လို့ စပိန်က အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။
အဲဒီရလဒ်ကြောင့် ဇာရာဂိုဇာ အသင်း တန်းမဆင်းခဲ့ရဘဲ လီဗန်တေး ကစားသမားတွေကို ဒေါ်လာ ကိုးသိန်းခြောက်သောင်းငါးထောင် လာဘ်ငွေပေးခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက စွပ်စွဲထားပါတယ်။
အမှုအတွက် အာဂီရီ အပါအ၀င် လူ ၄၁ ယောက်ကို စပိန် အဂတိလိုက်စားမှု ဆန့်ကျင်ရေး အစိုးရရှေ့နေတွေက ဒီဇင်ဘာလ ၂၉ ရက်နေ့က ဘလန်ဇီယာ တရားရုံးမှာ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။