ထိုင်းအာဏာပိုင်တွေဟာ နိုင်ငံ တောင်ပိုင်းက ခရိုင်အနည်းဆုံး ၈ ခုမှာ ရေကြီးမယ်လို့ သတိပေးထားပါတယ်။ လာမယ့် ရက်တွေအတွင်းမှာ မိုးစဲသွားမယ့် အရိပ်လက္ခဏာ မရှိတဲ့အပြင် သည်းထန်လာမယ်လို့ မိုးလေ၀သဌာန ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် ဖာတာ လန်း၊ ဆွန်ခလာ၊ ပါတာနီ၊ ရေလာနဲ့ နရာသီဝပ် ခရိုင်တို့မှာ မိုးသည်းထန်မယ်လို့ သတိပေးထားပါတယ်။ အရှေ့မြောက်ဒေသ မုတ်သုံကြောင့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ဇန်န၀ါရီလ ၁ ရက်နေ့အထိ မိုးသည်းထန်မယ်လို့ သတိပေးထားပါတယ်။
ရေလာခရိုင် အာဏာပိုင်တွေဟာလည်း ရေကြီးနိုင်တာကို ကာကွယ်ဖို့ ကြိုတင် အတားအဆီးတွေကို ပြင်ဆင်နေပါတယ်။
ထိုင်းနိုင်ငံ သဘာဝကပ်ဘေး တားဆီးရေးဌာနက ဒီဇင်ဘာလ ၂၆ ရက်နေ့ ကြေညာချက်အရ တောင်ပိုင်းခရိုင် ၈ ခုကို သဘာဝကပ်ဘေး ကျရောက်မယ့် ဒေသတွေ အဖြစ် ကြေညာထားပါတယ်။
ရေကြီးမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၃ ယောက် ရှိထားပြီး ဖြစ်သလို ၅ ယောက်က ဒဏ်ရာရထားပါတယ်။ အိမ်ခြေပေါင်း ၁၈၄၀၀၀ ဟာလည်း ထိခိုက်ခဲ့ပြီး လူဦးရေ ၈ ထောင် နေရာပြောင်းရွေ့ခဲ့ရပါတယ်။