ဘာရိန်းနိုင်ငံ မြို့တော် မနာမာနဲ့ ချိတ်ဆက်ထားတဲ့ ဘူဒိုင်ယာအဝေးပြေးလမ်းမပေါ်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ထောင်နဲ့ချီပြီး စီတန်းလှည့်လည်နေကြပါတယ်။ ဒီမိုကရေစီ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး တောင်းဆိုနေကြပါတယ်။

ဘာရိန်းအလံနဲ့ အကျဉ်းကျ တက်ကြွလှုပ်ရှားသူတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေက အစိုးရဆန့်ကျင်ရေး ဆောင်ပုဒ်တွေကိုလည်း ကြွေးကြော်ခဲ့ပါတယ်။
ဆန္ဒပြသူတွေထဲမှာ ဘာရိန်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နာဘီးလ် ရာဂျဘ်နဲ့ အဓိက အတိုက်အခံအုပ်စု အယ်လ်ဝီဖာ့ခ် ရဲ့ အတွင်းရေးမှူးချုပ် အလီဆယ်လ်မန်တို့လည်း ပါပါတယ်။
နိုဝင်ဘာလက ဘာရိန်းနိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့် အတိုက်အခံတွေကတော့ ခရိုင်တွေက မဲပေးပုံဟာ လက်ရှိအာဏာရ မိသားစုကို ကိုယ်စားပြုတဲ့ ဆွန်နီမွတ်စလင် လူနည်းစုကို အသာပေးတဲ့ ပုံစံ ဖြစ်လိမ့်မယ်လို့ ပြောပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။
ဆွန်နီမွတ်စလင်တွေ အုပ်ချုပ်တဲ့ ဘာရိန်းနိုင်ငံတွင်း ၂၀၁၁ က လူများစု ရှီးယိုက်တွေက ဦးဆောင်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ဘာရိန်းကတော့ ရှီးယိုက်မွတ်စလင်ကြီးစိုးတဲ့ အီရန်အစိုးရက မတည်ငြိမ်မှုကို ဖန်တီးတယ်လို့ စွပ်စွဲပြီး အီရန်အစိုးရက စွပ်စွဲချက်ကို ငြင်းဆိုပါတယ်။ အဲဒီအချိန် ကတည်းက ဆန္ဒပြပွဲတွေ မကြာခဏ ပေါ်ပေါက်ခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းသုံး တိုက်ခိုက်မှု အရေအတွက် ပိုတိုးလာခဲ့ပါတယ်။
အရင်လက မြို့တော် မနာမာအနောက်ပိုင်းက ရှီးယိုက်ရွာ တရွာမှာ ဗုံးကွဲမှုကြောင့် ရဲ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။