A d v e r t i s e m e n t With Us

မန္တလေးမြို့ စည်ပင်ရေ မသန့်မှုကြောင့် မြို့ခံများ အခက်တွေ့

မန္တလေးမြို့ မြို့ရေပေးရေး (စည်ပင်ရေ) သန့်ရှင်းမှုမရှိဘဲ စည်ပင်ရေကိုသာ အားထားသုံးစွဲနေရတဲ့ မြို့ခံအချို့ အခက်တွေ့နေကြပါတယ်။ မန္တလေးမြို့လူထုရဲ့ ၇၀ ရာခိုင်နှုန်း သုံးစွဲနေကြတဲ့ စည်ပင်သာယာကပေးတဲ့ ရေပေးရေးရေတွေဟာ အနယ်အမှုန်တွေပါဝင်လာပြီး သန့်ရှင်းမှုမရှိတဲ့အတွက် သောက်သုံးရေအတွက် အဓိက အခက်တွေ့နေကြတယ်လို့ မြို့ခံသတင်းသမား ကိုစန်းယုကျော်က ပြောပါတယ်။ “ကျနော် ဒီနေ့မနက် မျက်နှာသစ် ရေချိုးတော့ ထွက်လာတဲ့ရေက အမှုန်တွေပါတယ်။ မသန့်ဘူးပေါ့ဗျာ၊ ကြည်မနေဘူးပေါ့။ ကြည်မနေဘဲ ရေထဲအမှုန်အမွှားတွေ ပါတယ်။ ပိုက်ထဲက အမှုန်အမွှားတွေလား ဒါမှမဟုတ် ကန်ကနေပါလာတဲ့ ရေညှိအမှုန်အမွှားတွေလားတော့ မသိဘူး။ သေချာတာကတော့ ရေက ဒီတိုင်းသောက်လို့ အဆင်မပြေဘူး။” ဒီလိုမျိုး ပိုက်ကလာတဲ့ရေ မသန့်တာ မကြာခဏဖြစ်လေ့ရှိပြီး အခုရက်ပိုင်းမှာ ပိုတွေ့လာရတယ်လို့လည်း သူက ပြောပါတယ်။ မန္တလေးမြို့ ရေပေးရေးစီမံကိန်းကို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က မန္တလေးစည်ပင်သာယာနဲ့ ဂျပန်နိုင်ငံ ဂျိုက်ကာစီမံကိန်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ၊တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းကတော့ ရေမသန့်ဘူးလို့ စောဒကတက်လာတဲ့ မြို့နယ်တွေမှာ စည်ပင်က လုပ်ဆောင်ပေးနေတာ တွေရှိပေမယ့် ဘတ်ဂျက်အခြေအနေအရပဲ လုပ်ပေးနေရတယ်လို့ ပြောပါတယ်။ “စောဒကတက်လာတဲ့ မြို့နယ်တွေမှာ ကျနော်တို့ တောက်လျှောက်လုပ်ပေးနေပါတယ်။ ရေပေးရေးစီမံကိန်းကလည်း နှစ် ၂၀ကျော် ကြာပြီဆိုတော့ သံပိုက်တွေကဆွေးပြီး သံချေးရေတွေ ပါလာတာပါ။ အဲ့ဒီပိုက်တွေကို ကျနော်တို့ တောက်လျှောက်တော့ လဲနေပါတယ်။ ပိုက်အဟောင်းတွေက ဖြစ်တာဆိုတော့ ပိုက်အသစ်တွေလဲတာကို လုပ်နေပါတယ်။ တမြို့လုံးလုပ်ဖို့ကျတော့လည်း ဘတ်ဂျက်က အခက်အခဲ ရှိတာပေါ့နော်။” မန္တလေးစည်ပင်သာယာ ၆ မြို့နယ်အတွင်း ချမ်းအေးသာယာနဲ့ မဟာအောင်မြေ နှစ်ခုကပဲ စောဒကတက်ထားလို့ လုပ်ဆောင်ပေးနေပြီး မြို့ရေပေးရေ လုံးဝ မပေးနိုင်သေးတဲ့ မြို့နယ်က နှစ်ခုရှိတယ်လို့လည်း မန္တလေးစည်ပင်တွဲဘက်အတွင်းရေးမှူးက ပြောပါတယ်။ မန္တလေးမြို့ထဲ ပေးဝေနေတဲ့ရေကို စည်ပင်က ရေမီတာနဲ့ကောက်ခံနေတာဖြစ်ပြီး ၁ ယူနစ် (ဂါလန် ၂၂၀) ကို ၅၅ ကျပ်နဲ့ကောက်ခံနေပြီး စီးပွားရေးလုပ်ငန်းသုံးကို ၁ ယူနစ် ၇၇ ကျပ်နှုန်းနဲ့ ကောက်ခံနေတာဖြစ်ပါတယ်။ ဒီနှုန်းထားတွေဟာ ဟိုးအရင် နှစ်ပေါင်း ၂၀ ကျော်ကတည်းက သတ်မှတ်ခဲ့တဲ့ နှုန်းထားတွေနဲ့ သတ်မှတ်ကောက်ခံနေတာဖြစ်လို့ မြို့စည်ပင်သာယာအနေနဲ့ ရေပေးရေးမှာ အရှုံးပေါ်နေတယ်လို့လည်း သိရပါတယ်။ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ စာရင်းဇယားတွေအရ မန္တလေးမြို့မှာ လူဦးရေ ၁ သန်းခွဲလောက် နေထိုင်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up