A d v e r t i s e m e n t With Us

အတ္တလန်တိတ်နှင့်ပစိဖိတ်သမုဒ္ဒရာကို ချိတ်ဆက်ပေးမည့် တူးမြောင်းစီမံကိန်း စတင်

Credits: wikimedia.org
နီကာရာဂွါနိုင်ငံအစိုးရက အတ္တလန်တိတ်သမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကို ချိတ်ဆက်ပေးမယ့် တူးမြောင်းဖောက်လုပ်ရေးစီမံကိန်း စတင်လိုက်ပြီလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဟောင်ကောင်အခြေစိုက် ဖွံ့ဖြိုးတိုးတက်မှု ရင်းနှီးမြှုပ်နှံရေးကော်မတီနဲ့ နီကာရာဂွါ အစိုးရတို့ကြား ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး တရုတ်နိုင်ငံက အဓိက ပံ့ပိုးမှာပါ။ တူးမြောင်းဟာ ပနားမားတူးမြောင်းနဲ့ အပြိုင် ဖြစ်လာမှာပါ။ ဟောင်ကောင်တရုတ်ကုမ္ပဏီအကြီးအကဲကတော့ ဒီတူးမြောင်းစီမံကိန်းမှာ တရုတ်အစိုးရနဲ့ ပတ်သက်ခြင်းလည်း မရှိသလို ပထ၀ီနိုင်ငံရေးအကျိုးစီးပွားတွေလည်း မရှိဘူးလို့ ပြောဆိုပါတယ်။ ဒီစီမံကိန်းကြီး လုပ်ဖို့ လွန်ခဲ့တဲ့ ၁ နှစ်က ကြေညာခဲ့ချိန်ကတည်းက လူတွေက ထင်ကြေးအမျိုးမျိုးပေးနေခဲ့တာပါ။ ဘယ်သူက အဓိက ငွေစိုက်ထုတ်မလဲ၊ ရေအိုင်ကြီးကို ဖြတ်ဖောက်လုပ်မှာ ဖြစ်တဲ့အတွက် ရေအိုင်ပေါ် အကျိုးသက်ရောက်မှု ဘယ်လိုရှိမလဲ၊ မြေသိမ်းနဲ့ ယာသိမ်းတွေ ဘယ်လောက်တောင် ဖြစ်မလဲ စတာတွေအပေါ်မှာ မေးခွန်းထုတ်ခဲ့ကြတာပါ။ တရုတ်ကုမ္ပဏီအကြီးအကဲကတော့ မြေယာလျော်ကြေးပေးရေးကိစ္စဟာ ဒီစီမံကိန်းကြီးတခုလုံးမှာ အဓိကအကျဆုံးနဲ့ အရေးကြီးဆုံးကိစ္စ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၅၀ ကုန်ကျမယ့် ဒီစီမံကိန်းကြီးဟာ ၂၀၂၀ ပြည့်နှစ်မှ ပြီးစီးမှာ ဖြစ်ပြီး နီကာရာဂွါနိုင်ငံရဲ့ စီးပွားရေး ၁၀ ရာခိုင်နှုန်း တိုးတက်သွားမယ်လို့ အစိုးရက ဆိုပါတယ်။ နီကာရာဂွါဒေသခံတွေကတော့ ဒီတူးမြောင်းကြီးကြောင့် သူတို့ရဲ့ ဘ၀တွေ၊ စီးပွားရေးတွေနဲ့ ပတ်ဝန်းကျင်တွေအပေါ် အကျိုးသက်ရောက်မှု မသေချာမှုနဲ့ မရေရာမှုတွေအပေါ်မှာ မကျေမနပ် ဖြစ်နေကြပါတယ်။ ဒီတူးမြောင်းကြီးဖောက်လုပ်ဖို့ နီကာရာဂွါနိုင်ငံက အိပ်မက်မက်ခဲ့တာ နီကာရာဂွါနိုင်ငံ စတင် ပေါ်ပေါက်လာကတည်းကပါ။ အမေရိကန်နိုင်ငံကလည်း ဒီတူးမြောင်းကြီးနောက်တခု ထပ်ဖောက်လုပ်ဖို့ ရည်ရွယ်ချက်ရှိခဲ့တာ ပနားမားတူးမြောင်း ဖောက်လုပ်ချိန်ကတည်းကပါ။ အခုတော့ တရုတ်နိုင်ငံက ဒီစီမံကိန်းအတွက် စိုက်ထုတ်မယ်ဆိုတာကြောင့် နီကာရာဂွါနိုင်ငံအတွက်လည်း အဆင်သင့် ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံ ဖြစ်ပြီး လက်တင်အမေရိကန်နိုင်ငံတွေရဲ့ ထွက်ကုန်တွေကို အဓိကတင်သွင်းနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up