Home
မြန်မာသတင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဓနုနှင့်ပအိုဝ်းတိုင်းရင်းသားများ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်
နန်းမြနဒီ
·
December 24, 2014
ရှမ်းပြည်နယ်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ တိုင်းရင်းသား ဓနု နဲ့ ပအိုဝ်းလူမျိုးတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ပွဲတွေ ဒီကနေ့ တပြိုင်တည်း ကျင်းပခဲ့ပါတယ်။ [caption id="attachment_74846" align="aligncenter" width="597"]ဓာတ်ပုံ - ဓနုတိုင်းရင်းသားများဆုံဆည်းရာ ဓာတ်ပုံ - ဓနုတိုင်းရင်းသားများဆုံဆည်းရာ[/caption] တောင်ကြီးခရိုင် ပင်းတယမြို့မှာ ပင်းတယမြို့ပေါ်နဲ့ အနီးနားပတ်ဝန်းကျင် ရွာပေါင်း ၂၀ လောက်က ဓနုလူမျိုး ၄၀၀ ကျော်ဟာ တောင်းဆိုချက် ၅ ချက်ပါ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဒီနေ့မနက်ပိုင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဓနုစာပေနဲ့ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးချစ်စိန်က ဒီဗွီဘီကို ပြောပါတယ်။ “ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းအောင်မြင်တဲ့အထိ အစိုးရက ဦးဆောင်ပေးဖို့၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရက ဦးဆောင်ပေးဖို့၊ ရှမ်းပြည်နယ်နဲ့ တိုင်းရင်းသားတွေရဲ့ အရေးကို အစိုးရက ဦးဆောင်ပေးဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ တိုင်းရင်းသားအားလုံးပါဝင်ရေးနဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အလိုမရှိ စတဲ့အချက်တွေပါပါတယ်။” ဒီဆန္ဒထုတ်ဖော်ပွဲကို ဘယ်အစိုးရ၊ ဘယ်နိုင်ငံရေးပါတီကမှ ဦးဆောင်တာမဟုတ်ဘဲ ဓနုတိုင်းရင်းသားတွေ ကိုယ်တိုင်ဆောင်ရွက်တာလို့ ဦးချစ်စိန်က ဆက်ပြောပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ တောင်ကြီးမြို့နယ် ပင်းတယ နဲ့ ရွာငံဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတွေဆိုပေမယ့်လည်း လက်တွေ့မှာ  လုပ်ပိုင်ခွင့်တွေ အပြည့်အ၀ မရသေးဘူးလို့ ဆိုပါတယ်။   အုပ်ချုပ်ရေးပိုင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေက ရွေးချယ်ခွင့်ရှိပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးမှာတော့ အစိုးရ၀န်ထမ်းတွေသာ လွှမ်းမိုးနေကြောင်း၊ နိုင်ငံရေးအတွက် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တွေ အကုန်မပါတဲ့အတွက် လွှတ်တော်မှာသာ ဆွေးနွေးသင့်ကြောင်း ဦးချစ်စိန်က ပြောသွားပါတယ်။ အလားတူ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာလည်း ဆီဆိုင်မြို့နယ်နဲ့ ဟိုပုန်းမြို့နယ်က ပအိုဝ်းတိုင်းရင်းသားပေါင်း ၂ ထောင်ကျော်ဟာ ဒီနေ့ မွန်းတည့်ပိုင်းက ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်တဲ့အနေနဲ့  မြို့တွင်း စီတန်းလှည့်လည်ခဲ့ပါတယ်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဒုတိယလူမှုရေးတာဝန်ခံ ဦးခွန်မောင်ဘော်က “ကျနော်တို့ တောင်းဆိုချက် ၅ ချက်ရှိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေကို အောင်မြင်ပြီးဆုံးသည်အထိ အစိုးရက ဆောင်ရွက်ပေးဖို့။ နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့  ပြုပြင်ပြောင်းလဲရေးတွေကို အစိုးရက အမြန်ဆုံး ဆောင်ရွက်ပေးဖို့၊ တိုင်းရင်းသားများရဲ့  အခွင့်အရေးနဲ့ လိုလားတောင်းဆိုချက်တွေကို ဥပဒေထဲမှာ ပြဋ္ဌာန်း ဆောင်ရွက်ပေးဖို့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် တိုင်းရင်းသားတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရေး ဆောင်ရွက်ပေးဖို့ နဲ့ တောင်းဆိုချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ စတဲ့ အချက်တွေပါတယ်” လို့ ပြောပါတယ်။ ဒီဆန္ဒထုတ်ဖော်မှုကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က သူတို့လက်လှမ်းမီရာ ပအိုဝ်းအမျိုးသမီးအဖွဲ့၊ ဘာသာရေးအဖွဲ့ ၊ နာရေးအဖွဲ့၊ ပါရမီဖွံ့ဖြိုးရေးအဖွဲ့၊ တိုင်းရင်းဆေးအဖွဲ့တွေနဲ့ပါ တိုင်ပင်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဦးခွန်မောင်ဘော်က ပြောသွားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်း၊ ဘန်းယဉ်၊ နောင်မွန် စတဲ့ မြို့နယ် ၅ ခုကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024