အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှု ၃ လတာအတွင်းမှာ ဆီးရီးယားမှာ အစ္စလာမ်မစ်စစ်သွေးကြွတွေ အများစု ဖြစ်တဲ့ ၁၁၇၁ ယောက် သေဆုံးတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားစောင့်ကြည့်ရေးအုပ်စုက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့က ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ၅၂ ယောက်က အရပ်သားတွေ ဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် ရာမီ အဗ္ဗဒူရာမန်က ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။
ကိန်းဂဏန်းတွေထဲမှာ အီရတ်နိုင်ငံတွင်းက အိုင်အက်စ် ပစ်မှတ်တွေကို လေကြောင်းက တိုက်ခိုက်မှုကြောင့် ဖြစ်တဲ့ သေဆုံးမှုတွေ မပါဝင်ပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ကာဒ်နဲ့ ယာဇီဒီတိုက်ခိုက်ရေးသမားတွေဟာ တောင်ပေါ်မှာ ၁ လကြာ ဝန်းရံခံရတာကို ဖောက်ထွက်ပြီး အိုင်အက်စ်တွေကို ပြန်တိုက်ခဲ့ကြပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေကလည်း ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၄၈၈ ကြိမ် လုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဖြန့်ချိတဲ့ သတင်းအချက်အလက်တွေက ဆိုပါတယ်။