ဒေါ်ခင်ဝင်းသေဆုံးမှု တိုင်ချက်ကို ရဲက လက်ခံ

1.5K
လက်ပံတောင်းကြေးနီစီမံကိန်း အဓိကရုဏ်းမှာ မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးမှုတိုင်ချက်ကို ဆားလင်းကြီးမြို့နယ်ရဲစခန်းက လက်ခံပြီးတဲ့နောက် ဆားလင်းကြီးမြို့ ဆေးရုံကို အလောင်းသယ်ယူခဲ့ကြပြီး စစ်ဆေးဖို့ ပြင်ဆင်နေကြပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နေ့က မြန်မာဝမ်ပေါင်ကုမ္ပဏီက အတင်းအကျပ် ခြံစည်းရိုးခတ်ရာမှာ ဒေသခံရွာသားတွေနဲ့ လုံခြုံရေးတွေအကြား အဓိကရုဏ်းဖြစ်ရာမှာ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့ပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
ရွာသားတွေက အလောင်းကို သူ့ရဲ့ မိုးကြိုးပြင် အလယ်ရွာနေအိမ်ကို သယ်ဆောင်ထားခဲ့ကြပြီး ဒီဇင်ဘာ ၂၃ ရက်နေ့က ဆားလင်းကြီးရဲစခန်းမှာ တိုင်ကြားရာမှာ အချိန် သုံးနာရီလောက် စောင့်ဆိုင်းခဲ့ရပြီးနောက် ရဲက တိုင်ချက်ကို လက်ခံလိုက်တာ ဖြစ်ပါတယ်။
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဉာဏ်ထွန်းက “အခု တိုင်ချက်ကိုလက်ခံလိုက်ပြီ။ အမှုကတော့ မဖွင့်ရသေးဘူး။ အလောင်းကို စစ်ဆေးပြီးတော့ အလောင်းက သေဆုံးကြောင်း၊ ဒေါ်ခင်ဝင်းမှန်ကန်ကြောင်း ကနဦးဆေးစစ်ချက်ရပြီးတော့မှ ဒီအမှုကို ဖွင့်ပေးမယ်။ တရားလိုက သေမှုသေခင်းက ရဲကပဲလုပ်ပြီး စွဲရမှာပေါ့။ အခုတိုင်ချက်ကတော့ ကာယကံရှင်ရဲ့ ယောင်းမဖြစ်တဲ့ သူက ဖွင့်တယ်။ သမီးတွေက မန္တလေးက ဖြစ်နေတော့လေ။ တိုင်ချက်အမှတ် ၄ မျဉ်းစောင်း ၂၀၁၄ နဲ့” လို့ ပြောပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ မနေ့က မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်းနေအိမ်ကို ရောက်ရှိခဲ့ကြပြီး မိသားစုဆန္ဒအရ တိုင်ချက် ဖွင့်ခဲ့တာဖြစ်ပါတယ်။ တိုင်ချက်ဖွင့်နိုင်ဖို့ ရဲကို ခက်ခက်ခဲခဲ ပြောဆိုခဲ့ရတယ်လို့ ၈၈ မျိုးဆက်ရဲ့ မနုနုအောင်က ပြောပါတယ်။
“တော်တော်ကြီး ပြောပြီးမှ အမှုဖွင့်လို့ရပါတယ်။ ဘယ်လိုပြောလဲဆိုတော့ သေသေချင်း အလောင်းကို ဒီနေရာမှာ ထားရမယ့်ဟာ ဘာကြောင့်ရွှေ့သွားရတာလဲပေါ့နော်။ သေတဲ့အချိန်မှာဖြစ်တာ ရဲနဲ့ဖြစ်နေတာ ရဲကို ဘယ်လိုသွားဖွင့်ရဲမလဲ။ ဖြစ်နေတဲ့အချိန်မှာ ရဲတွေရှေ့မှာပဲ သေသွားတဲ့ကိစ္စကို ရဲကို အမှုသွားဖွင့်ရဲမလဲ။ အကုန်လုံးထွက်ပြေးနေရတယ်။ အကုန်လုံး အန္တရာယ်အသီးသီးနဲ့ ရင်ဆိုင်နေရချိန်မှာ အမှုမဖွင့်တာကို အပြစ်တင်စရာမလိုဘူးဆိုပြီး တော်တော်ကို အတိုက်အခံပြောရပါတယ်။”
တိုင်ချက်ဖွင့်ရာမှာ ဒေါ်ခင်ဝင်းရဲ့ ဆွေမျိုးတွေ၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၊ သံဃာတွေဟာ လိုက်ပါ ကြိုးပမ်းခဲ့ကြပါတယ်။ အခင်းဖြစ်တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ဆွေးမျိုးတွေနဲ့ ရွာသားတွေက ရဲထံတိုင်ကြားကြပေမယ့် ရဲက လက်မခံခဲ့ဘူးလို့ဆိုပါတယ်။
ဒီဇင်ဘာ ၂၃ ရက် ညဆယ်နာရီခွဲခန့်မှာ အလောင်းကို ဆားလင်းကြီးမြိုနယ်ဆေးရုံ ရင်ခွဲရုံကို သယ်ဆောင်ခဲ့ကြပြီး ဒီမနက် ခွဲစိတ်စစ်ဆေးမှုကို စောင့်ဆိုင်းနေကြပါတယ်။
ကြေးနီစီမံကိန်းအနီးတ၀ိုက်က လယ်ယာမြေလျော်ကြေးမယူတဲ့ လယ်သမားတွေရဲ့မြေတွေ ပေါ်မှာ ကုမ္ပဏီက အတင်းအကျပ် ခြံစည်းရိုးခတ်တာက အစပြုလို့ အဓိကရုဏ်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တရုတ်ပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုထားတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဒေသတ၀ိုက်မှာ ဆန္ဒပြသမားတွေကို အစိုးရက ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွေမှာ သုံးနှစ်ဆက်တိုက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။