စာပေဟောပြောပွဲတွေကို မတားဖို့ စာရေးဆရာများ တောင်းဆို
DVB
·
December 23, 2014
စာပေဟောပြောပွဲနဲ့ ဟောပြောသူ စာရေးဆရာတွေအပေါ် တားမြစ်မှုတွေရပ်ဆိုင်းဖို့ စာရေးဆရာများအသင်း Pen Myanmar က တောင်းဆိုလိုက်ပါတယ်။
တားမြစ်မှုတွေဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ထိခိုက်တဲ့အတွက် တောင်းဆိုတာလို့ pen myamar ဥက္ကဋ္ဌ စာရေးဆရာမ မသီတာ (စမ်းချောင်း) က ဒီဗွီဘီကို ပြောပါတယ်။
“အားလုံးသိတဲ့အတိုင်းပါပဲ။ မနှစ်ကစပြီးတော့ တဖြည်းဖြည်းနဲ့ စာပေဟောပြောပွဲကို ပိတ်ပင်တာတွေ၊ စာရေးဆရာတွေအပေါ်မှာ ခြိမ်းခြောက်တာတွေပါ ရှိလာတယ်ပေါ့လေ။ အဲဒီအတွက်ကြောင့်မို့လို့ ကျမတို့က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်နိုင်အောင်လို့ ထုတ်တာပါ။”
လွန်ခဲ့နှစ်ပိုင်းတွေတုန်းကထိ အုပ်ချုပ်ရေးပိုင်းက စာပေဟောပြောပွဲနဲ့ ဟောပြောသူ စာရေးဆရာတွေအပေါ် တားမြစ် ဆန့်ကျင်တဲ့ အပြုအမူတွေကို အခုအခါ အစိုးရအဖွဲ့ဝင်တွေက မဟုတ်ဘဲ လူတချို့က ဆောင်ရွက်နေတာတွေဟာလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးစေတာကြောင့် ဆက်လက်မလုပ်ဆောင်ဖို့ ပန်ကြားထားပါတယ်။
စာရေးဆရာမ မသီတာ (စမ်းချောင်း) က“နှစ် ၅၀ လုံးလုံး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိတ်သုံးနေခဲ့ရတဲ့ အနေအထားကနေ လွတ်မယ်လို့ ကြံခါပဲရှိသေးတယ်။ ဒီလိုတွေဖြစ်မယ်ဆိုရင် ရေရှည်မှာ အရင် သတင်းအမှောင်ချတဲ့ ခေတ် လိုပဲ လူများရဲ့တွေးခေါ်မျှော်မြင်ပုံကို သိခွင့်မရတဲ့ လူထုမှာ နှစ်နာစရာတွေ အများကြီး ရှိနိုင်ပါတယ်။ တယောက်နဲ့တယောက် စဉ်စားတွေးခေါ်ပုံခြင်း မတူဘူး။ အဲဒီပေါ်မှာမူ တည်ပြီးတော့ ကျမတို့ဟာ ကိုယ့်ရဲ့ အတွေးအမြင်လွတ်လပ်မှုကို ဖန်တီးရတာ။ ဒါကြောင့် များများသိခွင့်ရဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။
စာပေဟောပြောပွဲတွေဟာ ၁၉၈၈ ခုကနေ ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော် ပိတ်ပင်တား မြစ်ခံခဲ့ရပါတယ်။