Home
မြန်မာသတင်း
အစိုးရတပ်က ကေအိုင်အေစခန်းကို ၀င်ပစ်၊ ၂ ဦးသေ ၁ ဦးအဖမ်းခံရ
နန်းမြနဒီ
·
December 23, 2014
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ထဲမှာ အစိုးရတပ်ဘက်က ကေအိုင်အေစခန်းတခုကို ၀င်ရောက်ပစ်ခတ်တဲ့အတွက် ကေအိုင်အေတပ်သား ၂ ဦး ကျဆုံးပြီး ၁ ဦး အဖမ်းခံထားရတယ်လို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်က ဒီဗွီဘီကို ပြောပါတယ်။ kia“ကျနော်တို့ ရဲဘော် ၅ ယောက် အေးအေးဆေးဆေးစခန်းမှာ ရှိနေတာကို ဒီဇင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က  အစိုးရတပ်ဘက်က လာပြီးတော့ တိုက်တယ်။  ဒေါ့ဖုန်းယန်မြို့နယ်ခွဲ  အောက်ဆားကျွန်းကျေးရွာ တဘက်ကမ်း မိုးလဲချောင်း နံဘေးက စခန်းပါ။ အဲဒီမှာ ကျနော်တို့ရဲဘော် ၂ ယောက် ကျသွားတယ်။ ရဲဘော်တယောက်ကို သူတို့ ဖမ်းခေါ်သွားတာ ရှိတယ်။” အဲဒီ ဖမ်းခေါ်သွားတဲ့ ကေအိုင်အေတပ်သားကို ကြိုးတုတ်ပြီး တရွာဝင်တရွာထွက် ကေအိုင်အေနဲ့ ဆက်ဆံမှုရှိတဲ့ ရွာသားတွေကို လိုက်ပြခိုင်းခဲ့တယ်လို့  သူက ဆက်ပြောပါတယ်။ အဲဒီနောက်  ဒီဇင်ဘာ ၂၀ ရက်မှာ အထက်ဆားကျွန်းကျေးရွာနဲ့ အောက်ဆားကျွန်းရွာက ရွာသား ၄ ဦးကို  ကေအိုင်အေ တပ်ဖွဲ့ဝင်တွေကို အဲဒီတ၀ိုက်မှာ အခြေချခွင့်ပြုထားတယ်လို့ ဆိုပြီး ဖမ်းခေါ်သွားကြောင်း၊ ဒီကနေ့အထိ ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်လာတဲ့သတင်း မရသေးဘူးလို့  ဦးလနန်က ဆက်ပြောပါတယ်။ ခုလိုဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သက်ပြီး ကေအိုင်အိုဘက်ကနေ ကချင်ပြည်နယ် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးလည်းဖြစ်တဲ့  ဗိုလ်မှူးကြီး သန်းအောင်ကို စာတစ်စောင်ပေးပို့ခဲ့ကြောင်း၊ ဖမ်းဆီးထားသူတွေကို ပြန်လွတ်ပေးဖို့နဲ့ ပစ်ခတ်ရတဲ့အကြောင်းရင်းကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ ကေအိုင်အို နဲ့ အစိုးရကြား ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းက ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ် ဆွေးနွေးပြီးတဲ့နောက်ပိုင်း ပစ်ခတ်မှုတွေ မရှိသလောက် လျော့ပါးသွားပေမယ့် ခုလပိုင်းအတွင်းမှာ ပြန်ဖြစ်ခဲ့ကြောင်း၊ ဖြစ်ပွားမှုတိုင်းမှာ အစိုးရတပ်ဘက်ကပဲ စတင်ပစ်ခတ်ခဲ့တယ်လို့ ဦးလနန်က ပြောပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ လက်ရှိအစိုးရက ဖော်ဆောင်နေတဲ့ တပြည်လုံး အပစ်ရပ် လက်မှတ်ထိုးနိုင်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းပေါ် အဟန့်အတားဖြစ်စေ နိုင်တယ်လို့ ဆိုပါတယ်။ ဒီပြဿ နာ အကြောင်းရင်းကို တာဝန်ယူမဖြေရှင်းနိုင်သေးသရွေ့ ယူပီဒဗလျူစီ   ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ အန်စီစီတီ (တပြည်လုံး အပစ်ခတ်ရပ်ညှိနှိုင်းရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) တို့ ဆွေနွေးပွဲ ရှေ့တိုးနိုင်မှာ မဟုတ်တဲ့အတွက် ဒီကိစ္စကို ဦးစွာဆွေးနွေးဖြေရှင်းဖို့  ကေအိုင်အို နဲ့ ကချင်အဖွဲ့အစည်း ၅  ဖွဲ့က အန်စီစီတီကို တောင်းဆိုထားတယ်လို့ ဦးလနန်က ဒီဗွီဘီကို ပြောသွားပါတယ်။ နိုဝင်ဘာ ၁၉  ရက်နေ့က ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က ပစ်ခတ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ဗိုလ်လောင်း ၂၃ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024