လွန်ခဲ့တဲ့ ၆ နှစ်က အိမ်ခြံမြေ သန်းကြွယ်သူဌေး ဇနီးမောင်နှံအိမ်ကနေ ခိုးယူခဲ့တဲ့ အမေရိကန်ဒေါ်လာ ၂၄ သန်း တန်ဖိုးရှိ ပန်းချီကားတွေကို အမေရိကန် အက်ဖ်ဘီအိုင် စုံထောက်တွေနဲ့ လော့အိန်ဂျလိဒ်ရဲတွေက ပြန်လည် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

၂၀၀၈ ခုနှစ် သြဂုတ်လက အမေရိကန်ဒေါ်လာသန်းချီတန်တဲ့ ဒီ ပန်းချီကား ၁၂ ကား အခိုးခံခဲ့ရပြီး လော့အိန်ဂျလိဒ်မြို့သမိုင်းမှာ တန်ဖိုးအကြီးဆုံး အနုပညာပစ္စည်း အခိုးခံရမှု ဖြစ်ခဲ့တာပါ။
အဲဒီထဲက ၉ ကားကို ပြန်ရလိုက်ပြီး နောက် ၃ ကားကို ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။ ဥရောပနိုင်ငံသားတဦးရဲ့သတင်းပေးမှုနဲ့ အခုလို ဖော်ထုတ်နိုင်ခဲ့ပြီး ပန်းချီကားတွေကို လက်ဝယ် ပိုင်ဆိုင်ထားတဲ့ လော့အိန်ဂျလိဒ်မြို့က အသက် ၄၅ နှစ် အရွယ်ရှိ ရာအူး အက်စ်စပင်နိုဇာ ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။
သူကတော့ အပြစ်မရှိဘူးလို့ ပြောဆိုပြီး အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ အာမခံ ပေးထားပါတယ်။
သူက ဒီပန်းချီကား ၉ ကားကို အမေရိကန်ဒေါ်လာ ၇ သိန်းနဲ့ ရောင်းဖို့ လုပ်နေတာ ဖြစ်ပါတယ်။
ပန်းချီကားတွေအခိုးခံရတဲ့အချိန်က မူလပိုင်ရှင် သန်းကြွယ်သူဌေး ဇနီးမောင်နှံ ၂ ဦးဟာ အသက်အရွယ် အလွန်အိုမင်းသူတွေ ဖြစ်ကြပြီး အခုတော့ သေဆုံးသွားခဲ့ကြပါပြီ။
ပန်းချီကားတွေထဲမှာ နာမည်ကျော် ပန်းချီဆရာ မားစ် ချာဂယ်လ်(Marc Chagall)နဲ့ ဒီယေဂို ရီဗာရာ(Diego Rivera)တို့ရဲ့ လက်ရာတွေလည်း ပါဝင်ပါတယ်။
ဒီပန်းချီကားတွေကို မူလပိုင်ရှင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ခန့်က စုဆောင်းခဲ့တာလည်း ဖြစ်ပါတယ်။