အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံကို အကြမ်းဖက်မှု အားပေးအားမြောက် နိုင်ငံစာရင်း ပြန်ထည့်သွင်းဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုပါတယ်။

ဆိုနီရုပ်ရှင်ကုမ္ပဏီရဲ့ ကွန်ပြူတာစနစ် ထိုးဖောက်ခံရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ သမ္မတက အခုလို ပြောဆိုခဲ့တာပါ။ ရန်လို တိုက်ခိုက်မှုမျိုး မဟုတ်သေးဘဲ ကွန်ပြူတာစနစ် ဖျက်ဆီးမှုဖြစ်လို့ ကျွမ်းကျင်သူတွေနဲ့ မသတ်မှတ်ခင် အရင် သုံးသပ်အုံးမှာ ဖြစ်တယ်လို့ သမ္မတက ပြောဆိုပါတယ်။
ဒီထိုးဖောက်မှုဟာ အရင်းအနှီးကြီးတဲ့ ထိုးဖောက်မှုလို့လည်း အမေရိကန်သမ္မတက ပြောဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ အကြမ်းဖက်မှု အားပေးအားမြောက် နိုင်ငံ စာရင်းမှာ ဆယ်စုနှစ် ၂ ခုလောက် ထည့်သွင်းခံရတာပါ။
၂၀၀၈ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယား ဓာတ်ပေါင်းဖိုတွေကို အပြည့်အ၀ ၀င်ရောက် စစ်ဆေးခွင့် ပြုခဲ့တာကြောင့် အဲဒီစာရင်းက ပြန်ဖျက်ပေးခဲ့တာပါ။
မြောက်ကိုရီးယားနိုင်ငံက အခုလို ဖျက်လိုဖျက်ဆီးလုပ်မှုတွေကို တရုတ်နိုင်ငံကို ၀င်ထိန်းပေးဖို့ကိုလည်း အမေရိကန်နိုင်ငံက တိုက်တွန်းခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်သွယ်မှုအားလုံးကို တရုတ်နိုင်ငံကနေ ဖြတ်ပြီး ဆောင်ရွက်နေရတာပါ။
ဆိုနီကွန်ပြူတာစနစ် ထိုးဖောက်ခံရမှုမှာ ရုပ်ရှင်ဇာတ်ညွန်းနဲ့ အရေးကြီးအီးမေလ်းတွေ ပေါက်ကြားမှု ဖြစ်ခဲ့ပါတယ်။
မြောက်ကိုရီးယားက အဲဒီ ထိုးဖောက်မှုကို ငြင်းပယ်ပေမယ့် အမေရိကန်နိုင်ငံကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်ချက်ဆိုပြီး အခိုင်အမာ ပြောဆိုနေတာပါ။
ဒီကိစ္စမှာ မြောက်ကိုရီးယားနိုင်ငံက တကယ် ကူညီချင်တယ်ဆိုရင် လုပ်ရပ်ကို ၀န်ခံပြီး ဆိုနီကုမ္ပဏီကို နစ်နာကြေးပေးသင့်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးပြောခွင့်ရ မတ်စ် စထရွတ် က ပြောဆိုခဲ့ပါတယ်။