တူနီရှားသမ္မတရွေးကောက်ပွဲ ဒုတိယအဆင့် ရွေးကောက်ပွဲများ ကျင်းပ

1.3K
အာရပ်နွေဦးတော်လှန်ရေးကို ပထမဆုံးစတင်ခဲ့တဲ့ တူနီရှားသမ္မတရွေးကောက်ပွဲ ဒုတိယအဆင့် ရွေးကောက်ပွဲတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒီ သမ္မတရွေးကောက်ပွဲဟာ၂၀၁၁ ခုနှစ်က အာဏာရှင် ဘင်အလီကို ဖြုတ်ချခဲ့အပြီး ဒီမိုကရေစီ ကူးပြောင်းရေးကာလအတွင်း ပထမဆုံး ကျင်းပတာလည်း ဖြစ်ပါတယ်။
အရင် ဘင်အလီအစိုးရလက်ထက်က လွှတ်တော်ဥက္ကဋ္ဌဟောင်းနဲ့ လက်ရှိ ယာယီသမ္မတ တို့ ယှဉ်ပြိုင်ကြတဲ့ရွေးကောက်ပွဲ ဖြစ်ပြီး ပထမအဆင့်တုန်းက အရင်လွှတ်တော်ဥက္ကဋ္ဌဟောင်းက မဲ ၃၉ ရာခိုင်နှုန်းနဲ့ ဦးဆောင်ခဲ့တာပါ။
လွှတ်တော်ဥက္ကဋ္ဌဟောင်း အက်စ်ဆက်စီ(Essebsi) ကတော့ အသက် ၈၈ နှစ် ရှိပြီဖြစ်ပြီး ချမ်းသာကြွယ်ဝတဲ့ ပင်လယ်ဆိပ်ကမ်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ထောက်ခံမှု အဓိကရရှိတာပါ။
၂၀၁၁ ဒီမိုကရေစီအသွင်ကူးပြောင်းရေး စကတည်းက ယာယီသမ္မတ တာဝန်ယူထားတဲ့ အရင် အခွင့်အရေးတက်ကြွလှုပ်ရှားသူ မွန်ဆက်ဖ် မာဇွတ်လ်ကီ(Moncef Marzouki) ကတော့ ရှေးရိုးစွဲတွေနဲ့ နိုင်ငံတောင်ပိုင်းက ဆင်းရဲသားပြည်သူတွေကြားမှာ ရေပန်းစားတာပါ။
အာဏာရှင်ဘင်အလီအစိုးရလက်ထက်မှာတော့ ပြည်ပမှာ တိမ်းရှောင်နေခဲ့ရပြီး လက်ရှိ အသက် ၆၇ နှစ် ရှိပြီ ဖြစ်ပါတယ်။
မွန်ဆက်ဖ် မာဇွတ်လ်ကီကတော့ “တူနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ဆောင်နိုင်ခဲ့တာကြောင့် ကျူးနီးရှားပြည်သူတွေအတွက် ဂုဏ်ယူစရာဖြစ်တယ်”လို့ မဲထည့်အပြီးမှာ ပြောဆိုခဲ့ပါတယ်။
အာရပ်နွေဦးတော်လှန်ရေးတွေ ဆက်ဖြစ်ခဲ့တဲ့ လစ်ဗျားနိုင်ငံနဲ့ အီဂျစ်နိုင်ငံတို့ကတော့ အခုချိန်အထိ ဒီမိုကရေစီအသွင်ကူးပြောင်းရေး မလုပ်နိုင်သေးပဲ အကြမ်းဖက်မှုတွေ၊ ပြည်တွင်းစစ်တွေနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလက အခြေခံဥပဒေသစ်နဲ့ တူနီးရှားနိုင်ငံရဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်။
ဘယ်သူပဲ သမ္မတ ဖြစ်လာ ဖြစ်လာ တူနီးရှားအခြေခံဥပဒေသစ်အောက်မှာ အာဏာ ကုန်ရရှိမှာ မဟုတ်ပဲ ၀န်ကြီးချုပ်နဲ့ အာဏာခွဲဝေထားတာလည်း ဖြစ်ပါတယ်။